ပွင့်ဖြူ နိုဝင်ဘာ ၁၀

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝ တမံတွင် မိုးရေဝင်ရောက်မှုများ တိုးလာခဲ့ပြီး တမံရေပိုလွှဲမှ (၈) ပေကျော်ခန့် ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလျက်ရှိရာ နိုဝင်ဘာ ၁၀ ရက် ၊ ယနေ့ နံနက် ၆ နာရီ တိုင်းထွာရာတွင် တမံရေပိုလွှဲမှ ( ၁ ဒသမ ၉ ) ပေခန့်သာ ရေကျော်ကျမှုရှိကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။  

 

ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း မိုးရွာသွန်းမှု များခဲ့သည့်အတွက် ကြီးအုံကြီးဝတမံ အတွင်း မိုးရေဝင်ရောက်မှုများပြီး တမံရေပြည့်မှတ်ဖြစ်သည့် ပေ  ၃၄၀ အထက် တမံရေပိုလွှဲမှ (၈) ပေကျော်ခန့်အထိ ရေကျော်ကျမှုများရှိခဲ့ပြီး  တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေအား အစိမ်းရောင် အလံစိုက်ထူ၍ တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထားကြောင်းနှင့် တမံရေပိုလွှဲမှ ရေကျော်နေမှုများကိုလည်း နေ့စဉ် အွန်လိုင်းစနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှု ရပ်တန့်သွားပြီး  ကြီးအုံကြီးဝတမံတွင် ရေဝင်ရောက်မှုမရှိတော့၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်နေ့ထက်တစ်နေ့ လျော့နည်းကျဆင်းလျက်ရှိသည်။ ယနေ့နံနက် ၆  နာရီအချိန် တိုင်းထွာရာ၌ တမံရေပိုလွှဲမှ (၁ ဒသမ ၉ ) ပေခန့်သာ ရေကျော်ကျမှုရှိတော့သဖြင့် ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေ မရှိကြောင်း သိရသည်။   

 

ရဲဝင်းနိုင် ( ညောင်ဦး )