ဗန်းမော် နိုဝင်ဘာ  ၁၀

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် ဘေးအန္တရာယ် ကင်းရှင်းသော အစားအစာများ ထုတ်လုပ်နိုင်စေရန်နှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာပြီး သီးနှံ အရည်အသွေးနှင့် အထွက်နှုန်း မြင့်မားလာစေရန် ရည်ရွယ်၍ တောင်သူများအား EM အသုံးပြုနည်းနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း တောင်သူပညာပေး ကွင်းသရုပ်ပြခြင်းကို နိုဝင်ဘာ ၁၀ ရက် နံနက် ၁ဝ နာရီက ဗန်းမော်မြို့ ဟန်းတဲကျေးရွာရှိ တပ်ကလေး ဟင်းသီးဟင်းရွက် စိုက်ခင်းနှင့် မြေတောက်ပဲစိုက်ခင်းတို့၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

 

ထို့သို့ ပညာပေးဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်က ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်နေသည့်အချိန်တွင် တောင်သူလယ်သမားများ အနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာပေး ဆောင်ရွက်လျက်ရှိသည့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများကို လိုက်နာပြီး ဓာတ်မြေဩဇာ အစားထိုး၍ သဘာဝမြေဩဇာများကို အကျိုးရှိရှိ ပြုလုပ်သုံးစွဲသင့်ကြောင်း၊ သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲခြင်းဖြင့် ဘေးအန္တရာယ် ကင်းရှင်းသော အစားအစာများ ထုတ်လုပ်နိုင်ခြင်းနှင့်  မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာပြီး သီးနှံအရည်အသွေးနှင့် အထွက်နှုန်း မြင့်မားလာခြင်း၊ သဘာဝဘေးအန္တရာယ်များ လျော့နည်းလာပြီး ဆုံးရှုံးမှုများ လျော့ကျလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်စောနိုင်နှင့် ဝန်ထမ်းများက EM အသုံးပြုနည်းနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများကို တောင်သူ (၂၂) ဦးတို့အား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

mdn