ရန်ကုန် နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ရရှိစေရေးအတွက် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှ ယနေ့နံနက်က ရာဇသင်္ကြန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အတွင်းရှိ ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်သင်းကျော်နှင့် ဝန်ထမ်းများက အသက် ၁၀ နှစ် ပြည့် နှင့် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိ သော မိသားစုများအား အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
ဒလမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၁၀ နှစ် အထက်ရှိသူများနှင့် ၁၈ နှစ် ပြည့်မီ ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု စာရင်းထဲသို့ မွေးတိုးစာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်းမရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ် ပေးခြင်းတို့ကို မေ ၁၃ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယနေ့အထိ (တိုင်းရင်းသား) အိမ်ထောင်စု လူဦးရေ စာရင်းထုတ်ပေးမှုအနေဖြင့် အမျိုးသား ၇၆၁ ဦး၊ အမျိုးသမီး ၇၂၁ ဦး၊ အိမ်ထောင်စုပေါင်း ၄၆၁ စု ၊ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုပ်ပေးမှုတွင် အမျိုးသား ၁၇၈ ဦး၊ အမျိုးသမီး ၁၆၇ ဦး၊ စုစုပေါင်း ၃၄၅ ဦး နှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှုတွင် အမျိုးသား ၅၅၉ ဦး၊ အမျိုးသမီး ၅၉၀ စုစုပေါင်း ၁၁၄၉ ဦး တို့အား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။
ထို့အတူ (ဥပဒအရ နိုင်ငံသား) အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးမှုတွင် အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၁၃၂ ဦး၊ အိမ်ထောင်စုပေါင်း ၇၀ ၊ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှုတွင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၂၃ ဦးနှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှုတွင် အမျိုးသား ၉၃ ဦး၊ အမျိုးသမီး ၁၀၂ ဦး စုစုပေါင်း ၁၉၅ ဦးတို့အား ပြုလုပ်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရပ်ကွက်/ ကျေးရွာ အုပ်စုများမှ ပြည်သူများအား ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(IPRD)


