နေပြည်တော် နိုဝင်ဘာ ၁၀
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် မှော်ဘီမြို့နယ် ကန်ကလေး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ပင်မရေငြိမ်ကန်၊ ပင်မရေပေးမြောင်း တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလ ပြီးစီးရေး ဆွေးနွေးမှာကြားသည်။
ဒုတိယဝန်ကြီးသည် နိုဝင်ဘာ (၇) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ ကြို့ကုန်းရှိ စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲသို့ ရောက်ရှိကြပြီး သီးနှံပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်ရှိ ဟင်းရွက်၊ သစ်သီးဝလံ သုတေသနနှင့်ဖွံ့ဖြိုးရေး ဗဟိုဌာန (VFRDC) သို့ရောက်ရှိကြရာ ဌာနတာဝန်ခံက မျိုးကောင်းမျိုးသန့် ဟင်းသီးဟင်းရွက် (F1)မျိုးစေ့ ထုတ်လုပ်နေမှု၊ ဟင်းသီးဟင်းရွက် မျိုးရင်းများ မျိုးပွားမျိုးထိန်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များကို သုတေသနပြု ဖော်ထုတ်၍ တောင်သူပညာပေး လုပ်ငန်း ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဒေသရာသီဥတုနှင့် ကိုက်ညီမှုရှိပြီး စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သည့် သီးနှံမျိုးစေ့များ တိုးမြှင့်ထုတ်လုပ်ရေး၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေးဆွေးနွေးမှာကြားပြီး ဟင်းသီးဟင်းရွက် မျိုးသန့်မျိုးပွား ထုတ်လုပ်နေမှုများနှင့် အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးနေမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။
အလားတူ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန (CARTC)သို့ ရောက်ရှိပြီး တောင်သူများ အသိပညာနည်းပညာ တိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ချက်များ၊ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ ကို စိုက်ပျိုး ထုတ်လုပ်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကျင့်သုံးရန် လိုအပ်ချက်များ၊ သင်တန်း ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်းများအနေဖြင့် နိုင်ငံအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းခွင်ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ တိုးပွားရေးအတွက် အရေးပါသည့်လုပ်ငန်းဖြစ်၍ အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


