စစ်ထွေ ၊ နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ချ်နယ်စပ်ဂိတ်နှစ်ခုသို့ ရေထွက်ကုန်နှင့်ကုန်ခြောက် ပစ္စည်းများကို အောက်တိုဘာ ၁၃ ရက်မှစတင်၍ တင်ပို့ခဲ့ရာ လေးပတ်အတွင်း အမေရိကန် ဒေါ်လာ ၂ဒသမ၂၆၁သန်းရရှိခဲ့ပြီး ရေထွက် ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၁၅ သန်းရရှိခဲ့ကြောင်း သိရသည်။
သုံးလခန့် ရပ်နားထားခဲ့သော စစ်တွေ - ရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တော - ကညင် ချောင်းဆိပ်ကမ်း နယ်စပ်ဂိတ်နှစ်ခုကို ကိုဗစ်-၁၉ရောဂါသတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ နိုဝင်ဘာ ၈ ရက်အထိ ပို့ကုန်စုစုပေါင်းတန်ချိန် ၄၈၄၁ ဒသမ၁၆ တန်တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၂ဒသမ၂၆၁ သန်းရရှိခဲ့ပြီး ရေထွက်ကုန် ၁၄၃၂ဒသမ၇၀ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁၅ သန်း ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ တင်ပို့သော ကုန်ပစ္စည်းများတွင် ကုန်ခြောက်ပစ္စည်းတင်ပို့မှုမှ ၂၇ ဒသမ ၁၃ ရာခိုင်နှုန်းရရှိခဲ့ပြီး ရေထွက် ကုန်တင်ပို့မှုမှ ၇၂ဒသမ ၈၇ရာခိုင်နှုန်းရရှိခဲ့သည်။
ဘင်္ဂလားဒေ့ချ်နယ်စပ်ကုန်သွယ်ရေးသို့ ရန်ကုန်မြို့မှ အအေးခန်းမော်တော်ယာဉ်များဖြင့် ငါးမြစ်ချင်းများကို စစ်တွေမြို့သို့တင်ပို့၍ ထိုမှတစ်ဆင့်စက်လှေများဖြင့် လည်းကောင်း၊ ရန်ကုန်မြို့မှ စောင့်ကြည့်ထိန်းချုပ်ရေး ကိရိယာ တပ်ဆင်ထားသော ရေယာဉ်များဖြင့်လည်းကောင်း ရေထွက်ကုန်များကို နယ်စပ်ဂိတ်နှစ်ခုသို့ တင်ပို့သော စနစ်ဖြင့် ကုန်စည်စီးဆင်းလျက်ရှိသည်။
ရန်ကုန်မြို့မှနယ်စပ်ဂိတ်သို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် စစ်ဆေးမှုအချိန်ကြာမြင့်ခြင်းနှင့် ရေထွက်ကုန် အရည်အသွေး ကျဆင်းခြင်းတို့ကြောင့် နယ်စပ်ဆိပ်ကမ်းမြို့ဖြစ်သော တက်ကနက်ဖ်မြို့ထိ တိုက်ရိုက်တင်ပို့ ရောင်းချသောစနစ်ကို မကြာမီအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
“ရေရှည်အတွက်ဆိုရင် ပို့ကုန်အရည်အသွေးမကျအောင် ဖွင့်ဖောက်စစ်ဆေးဖို့မလိုတဲ့ ခေတ်မီစက်ကိရိယာ တွေအသုံးပြုနိုင်မယ်ဆိုရင် ပို့ကုန်လုံခြုံမှုကောင်းမွန်သလို နိုင်ငံတော်အတွက်လည်း ဆုံးရှုံးနစ်နာမှုမရှိနိုင်ပါဘူး။ ပို့ကုန်ဝင်ငွေရရှိနေတဲ့ နယ်စပ်ဂိတ်ကုန်စည်တင်ပို့မှုမှာ လုပ်ငန်းရှင်တွေအနေနဲ့ စည်းကမ်းရှိစွာ တင်ပို့ရမှာ ဖြစ်သလို ကြီးကြပ်စစ်ဆေးမှုမှာလည်း ဝန်ထမ်းအပြည့်အဝနဲ့စစ်ဆေးပြီး ခေတ်မီစက်ကိရိယာနဲ့ စစ်ဆေးနိုင်အောင် နိုင်ငံတော်ကပံ့ပိုးပေးနိုင်ရင်ပိုပြီး အဆင်ပြေနိုင်ပါတယ်။ ဖွင့်ပြီးလေးပတ်အတွင်း နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၂ဒသမ၂၆၁ သန်းရှာဖွေနိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့အတွက် ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်” ဟု ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှုး ဦးသက်ဦးက ပြောကြားသည်။
နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် ၂၀၂၁၉-၂၀၂၀ ခုနှစ်၌ ရေထွက်ကုန် ၇၀၈၉ တန်တင် ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ဒသမ၃၁၈ သန်းရရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ခုနှစ်၌ ကိုဗစ်ရောဂါ ကာလဖြစ်၍ ကုန်စည်စီးဆင်းမှုလျှော့ကျခဲ့ရာ တန်ချိန်၅၀၁၀ ဒသ မ၇၀တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ၄ဒသမ၇၆၀သန်းရရှိခဲ့သည်။ အောက်တိုဘာ ၁၃ ရက်၌ ပြန်လည်ဖွင့်လှစ်ခဲ့သော နယ်စပ်ကုန်သွယ်ရေးတွင် နိုဝင်ဘာ ၈ ရက်အထိ ပို့ကုန်တန်ချိန် ၄၈၄၁ ဒသမ ၁၆ တန်တင်ပို့နိုင်ခဲ့ရာ အမေရိကန်ဒေါ်လာ၂ ဒသမ ၂၆၁ သန်းရရှိထားခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ချ် နယ်စပ်ကုန်သွယ်မှုတွင် နိုင်ငံခြားငွေအခွန်၂ရာခိုင်နှုန်းရရှိမည့်အပြင် နိုင်ငံခြားငါးဖမ်းရေယာဉ် ဥပဒေအရ သွားရောက်ရောင်းချမည့်ရေယာဉ်ပေါ်တွင်ပါရှိသော ကုန်ချိန်ပေါ်၌ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာနှင့် ရေယာဉ်မှတ်ပုံတင်ကြေးအဖြစ် ရေယာဉ်တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅၀ ရရှိမည်ဖြစ်သည်။ တိုက်ရိုက်ကုန်စည်တင်ပို့သောစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပို့ကုန်အရည်အသွေးကောင်း မွန်မှုနှင့်အတူ ကုန်ပစ္စည်းပိုမိုတင်ပို့နိုင်မှုဖြင့် ကုန်စည်စီး ဆင်းမှုမြန်ဆန်စေမည်အပြင် အပြန်တွင်သွင်းကုန် ပစ္စည်းမပါဘဲ တစ်လုံးတစ်ခဲတည်း ငွေသားရရှိသော ကုန်သွယ်မှုဖြစ်သောကြောင့် ပို့ကုန်လုပ်ငန်းရှင်နှင့် ငါးမွေးတောင်သူတို့အတွက် အကျိုးအမြတ်ရှိသော ကုန်သွယ်မှုလည်းဖြစ်သည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ (သတင်းစဉ်)


