နေပြည်တော် နိုဝင်ဘာ ၁၀
အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်အတွက် “လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ” အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးလှမိုးက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ဌာန၏ မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်နေရာတွင် ပြည်သူလူထု၏ လူမှု စီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် အမှန်တကယ် အလုပ်အကိုင်ဝင်ငွေရရှိစေမည့် အသက် မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဝန်ထမ်းများရုံးလုပ်ငန်းတာဝန်အပြင် နည်းပြ တာဝန်များကိုပါ ထမ်းဆောင်ကြရသည့် ဝန်ထမ်းများဖြစ်၍ ရုံးလုပ်ငန်းများကို ကျွမ်းကျင်တတ်မြောက်ကြရ မည်ဖြစ်သကဲ့သို့ နည်းပြတစ်ဦးပီသစွာ မိမိသင်ကြားပေးရမည့် ဘာသာရပ်များတွင် ကျွမ်းကျင်နေရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသများအထိ ဖွင့်လှစ်ဆောင်ရွက်ပေးမည့် သင်တန်းများဖြစ်၍ ကျေးလက်ဒေသများအထိ သင်တန်းများ သွားရောက်ဖွင့်လှစ်ပေးမည့် သင်တန်းနည်းပြများသည် ပြည်သူနှင့်တိုက်ရိုက် ထိတွေ့ရမည် ဖြစ်သည့်အတွက် ဌာနကို ပြည်သူများအားကိုးယုံကြည်ရန် သင်တန်းနည်းပြများတွင် တာဝန်ရှိပါကြောင်း၊ သင်တန်နည်းပြများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင် ယူရန်လိုအပ်ပါကြောင်း၊ ရောက်ရှိရာနေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်သည့်အခါ ဆရာ့ကျင့်ဝတ် ကို သတိပြုလိုက်နာ ကြရန်လိုကြောင်း၊ တစ်ဦးချင်း စွမ်းဆောင်ရည်ရှိမှ မိမိအကျိုး၊ ဌာနအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်မည် ဖြစ်သည့်အတွက် စွမ်းအားရှိသလောက် ကြိုးစားဆောင်ရွက်ကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ရုံးချုပ်၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (၁၃)ကျောင်းတို့မှ သင်တန်းသား/ သင်တန်းသူစုစုပေါင်း (၄၅) ဦး တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသားများ၏ အိပ်ဆောင်များနှင့် သင်တန်းခန်းမ ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် သုခမြိုင်မိုတယ်ကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


