ကျောက်ကြီး နိုဝင်ဘာ ၁၁

ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများသည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် (VDP) ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ကျပ်သိန်း(၁၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၄)သို့ ကွင်းဆင်းသွားရောက်ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီရွေးချယ်ခြင်းနှင့် လုပ်ငန်းရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

နတ်သံကွင်းကျေးရွာအုပ်စု  အုန်းပင်စုကျေးရွာ၊ နောင်ကုန်းကျေးရွာအုပ်စု  ရင်းတိုက်ကုန်းကျေးရွာ၊ ရွာကြီးအင်းကျေးရွာအုပ်စု တောင်စုကျေးရွာနှင့် ရေလဲကျေးရွာအုပ်စု မရမ်းစိန်လေးကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီရွေးချယ်ခြင်းနှင့် လုပ်ငန်းရွေးချယ်ခြင်းများ ပြုလုပ်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းရီမှ စီမံကိန်းနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်းတာဝန်ခံမှ ကော်မတီရွေးချယ်ခြင်းနှင့် လုပ်ငန်းများရွေးချယ်ခြင်းတို့အား အသေးစိတ်ဆွေးနွေးပြောကြားသည်။

ထို့နောက် ကော်မတီဝင် (၁၁)ဦးနှင့် ပထမဦးစားပေးလုပ်ငန်း၊ ဒုတိယဦးစားပေးလုပ်ငန်းများအား ကျေးရွာသူ/ကျေးရွာသားများ၏ အများဆန္ဒဖြင့် ရွေးချယ်ပေးခဲ့ပြီး ကျေးရွာတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းမှုအပေါ် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းတို့က ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

တင်စိုး(ပဲခူး)