ရန်ကုန်   နိုဝင်ဘာ   ၁၀

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လာမည့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် ဘောလုံးနှင့် ဖူဆယ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲလေးမျိုးစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ၏ ဘောလုံးအားကစားနည်းတွင် ဘောလုံး၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ ပါဝင်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ဘောလုံးနှင့် ဖူဆယ် ပြိုင်ပွဲများတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ဘောလုံးနှင့် ဖူဆယ် ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိနိုင်သည့်အနေ အထားရှိသောကြောင့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ လေးမျိုးစလုံး ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ပြိုင်ပွဲအားလုံးတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဆီးဂိမ်းပြိုင်ပွဲတွင် ပုံမှန်ပါဝင်သော်လည်း အမျိုးသမီးဘောလုံးနှင့် ဖူဆယ် ပြိုင်ပွဲများကိုမူ အိမ်ရှင်နိုင်ငံအပေါ်မူတည်၍ ထည့်သွင်းကျင်းပခြင်းဖြစ်သည်။ အမျိုးသမီးဘောလုံး ပြိုင်ပွဲ ကို ၁၉၈၅ ခုနှစ်တွင် စတင်ထည့်သွင်းကျင်းပခဲ့သော်လည်း လာမည့်အကြိမ်မှ ၁၂ ကြိမ်မြောက် ပါဝင်ခြင်း ဖြစ်ပြီး ဖူဆယ်ပြိုင်ပွဲကိုမူ ၂၀၀၇ ခုနှစ်တွင် စတင်ထည့်သွင်းကျင်းပခြင်းဖြစ်သည်။ ဖူဆယ်ပြိုင်ပွဲမှာ ဆီးဂိမ်းပြိုင်ပွဲတွင် လေးကြိမ်သာ ထည့်သွင်းကျင်းပရသေးပြီး ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ထည့်သွင်းကျင်းပခဲ့ကာ နောက်ဆုံးကျင်းပသည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ဖူဆယ် အားကစားနည်း ပါဝင်ခဲ့ခြင်းမရှိပေ။ မြန်မာအသင်းများအနေဖြင့် ဆီးဂိမ်းဘောလုံး အမျိုးသားပြိုင်ပွဲတွင် ရွှေငါးခု၊ ငွေလေးခု၊ ကြေးငါးခု၊ အမျိုးသမီးပြိုင်ပွဲတွင် ငွေသုံးခု၊ ကြေးခုနစ်ခု၊ ဖူဆယ်အမျိုးသမီးပြိုင်ပွဲ တွင် ကြေးတစ်ခုရရှိထားကာ အမျိုးသားပြိုင်ပွဲတွင်မူ ဆုတံဆိပ်ရယူနိုင်ခြင်းမရှိသေးပေ။

မြန်မာဘောလုံးအမျိုးသားနှင့် အမျိုးသမီးအသင်းတို့မှာ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင် ခဲ့ရသော်လည်း ဖူဆယ်အသင်းများမှာမူ နှစ်အနည်းငယ်ကြာ နိုင်ငံတကာပြိုင်ပွဲများနှင့် ဝေးကွာ လျက်ရှိသည်။

ကိုညီလေး