တာလေ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ အထူးစီမံချက်ကာလအဖြစ် ရောဂါကူးစက်ခံထားရခြင်း ရှိ မရှိ RDT Test Kit ဖြင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပေး လျက်ရှိရာ ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) များမှ ကျောင်းသား ကျောင်းသူများကို အ.ထ.က(တာလေ) ကျောင်းဝင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ မရှိ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်းမာရေးဌာနတို့က ပူးပေါင်းစီစဉ်မှုဖြင့် ကျောင်းသား ကျောင်းသူများအား ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိ RDT Test Kit ဖြင့် တာလေ တိုက်နယ်ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ပညာရေးဌာနဝန်ထမ်းများပူးပေါင်း၍ နိုဝင်ဘာလ ၆ ရက်တွင် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ယခုနိုဝင်ဘာ ၁၀ ရက်တွင် ဒုတိယအကြိမ်စစ်ဆေး ခြင်းဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၁၄ ရက်၌ တတိယအကြိမ် ထပ်မံစစ်ဆေးပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ် စစ်ဆေးပြီးချိန်အထိ ရောဂါပိုး ကူးစက်ခံထားရသူမရှိသေးကြောင်း သိရသည်။
တာလေမြို့တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်းများကို နိုဝင်ဘာလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးဌာန၏ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းများမဖွင့်လှစ်မီ ကြိုတင်ပြင်ဆင်မှုအဖြစ် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ များကို အောက်တိုဘာလ ၂၂ ရက်က ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ယခုတွင် ပိုးကူးစက်ခံထားရခြင်း ရှိ မရှိ တာဝန်ရှိသူများ၏စီစဥ်မှုဖြင့် ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများက ပူးပေါင်း၍ Test Kit ဖြင့် စစ်ဆေးပေးခြင်းဖြစ်ကြောင်းနှင့် ယခုအချိန်ထိ ရောဂါပိုး ကူးစက်ခံထားရသူ မရှိသေးကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)


