ပူတာအို နိုဝင်ဘာ ၁၁

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ဂျိမ်းဖော့စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း ရုံးဆောက်လုပ်နိုင်ရန်အတွက် မတည်အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို နို၀င်ဘာ(၁၀)ရက် မွန်းလွဲ(၁)နာရီက   ပူတာအိုမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ၀န်ကြီး ဦးကျော်မင်းခိုင် တက်ရောက်အမှာစကား ပြောကြားသည်။

         

အခမ်းအနားတွင် ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပူတာအိုမြို့နယ် ဂျိမ်းဖော့စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း ရုံးဆောက်လုပ်နိုင်ရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မတည် လှူဒါန်းငွေကျပ်(၁၀)သိန်းအား လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပြီး ရဝမ်၊ လီဆူ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှလည်း အလှူငွေကျပ် နှစ်သိန်းစီအား မြို့နယ်ဂျိမ်းဖော့စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

         

ဆက်လက်၍ ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးဖော်လုလဝမ်က အလှူရှင် ဦးစိုင်းလတ်မှ မြို့နယ်ဂျိမ်းဖောစာပေနှင့် ယဉ်ကျေးမှုအသင်း ရုံးဆောက်လုပ်ရန်အတွက် လှူဒါန်းငွေ ကျပ်သိန်း(၅၀)ကို အလှူရှင်ကိုယ်စား မြို့နယ်ဂျိမ်းဖော့စာပေနှင့် ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်လှူဒါန်းရာ ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများက လက်ခံရယူကြသည်။

          

ထို့နောက် ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပန်းဥယျာဉ်ပရဟိတအဖွဲ့သို့ ကချင်ပြည်နယ် အစိုးရအဖွဲ့မှလှူဒါန်းသည့် လက်အိတ်နှင့် ခြေအိတ်အစုံ(၅၀၀)အား လွှဲပြောင်းပေးအပ်ခဲ့ပြီး ဂျိမ်းဖော့ စာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

       

ခရိုင်ပြန်/ဆက်(ပူတာအို)