ကော့ကရိတ်   နိုဝင်ဘာ   ၁၁

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ် လူထုဗဟို ပြု စီမံကိန်းတတိယနှစ်စက်ဝန်းဖြင့် ကော့ဘိန်းကျေးရွာနှင့် ကော့ပေါက်ကျေးရွာများ၌‌ ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းကို ကော့ဘိန်းကျေးရွာ၌ အရှည်ပေ ၈၀ ၊ အကျယ် ၃၆ ပေ၊ အမြင့် ၁၃ ပေ ခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၅၈ ဒသမ ၅ သန်း၊ ပြည်သူထည့်ဝင်ငွေ ၁ ဒသမ ၆၅၂၄၉သန်းဖြင့်လည်းကောင်း၊ ကော့ပေါက်ကျေးရွာ၌ အရှည်ပေ ၇၀ ၊ အကျယ် ၃၆ ပေ၊ အမြင့် ၁၃ ပေ ခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၅၅ ဒသမ ၁၈၈၁ သန်းဖြင့်လည်းကောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ၏ အနီးကပ် ကြီးကြပ်မှု တို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဆားဒေါက်ဖော့ကပြောပြ၍ သိရသည်။

 

ကော့ကရိတ်မြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းဖြင့် ကျေးရွာစုစုပေါင်း ၂၅၈ ရွာတွင် စီမံကိန်းလုပ်ငန်းခွဲ စုစုပေါင်း ၁၅၈ ခုအား စီမံကိန်းထောက်ပံ့ငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

စိုးမိုးကျော်