နိုဝင်ဘာ ၁၁

နိုင်ငံတကာတွင် ကျန်းမာရေးဆေးဝါးနှင့် စားသောက်ကုန်အဖြစ် တွင်ကျယ်စွာအသုံးပြုနေသည့်အတွက် ပြည်တွင်းပြည်ပ ဝဥဈေးကွက်မှာ ခိုင်မာနေဆဲဖြစ်ကြောင်း ဝဥပင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချနေသူများထံမှ သိရသည်။

"ဈေးကွက်ကတော့ အဓိကအားဖြင့် မန္တလေးကို တင်ပို့တယ်။ မန္တလေးမှာ စက်ရုံတွေ ပွဲရုံတွေ ရှိတယ်။ ဝဥနဲ့ပြုလုပ်တဲ့ အစားအစာပေါင်းက အမျိုး ၂၀၀ ကျော်လောက် ရှိတယ်။ မြန်မာပြည်က သိကြတာတော့ ဝတုံထုပ်ပေါ့။ အခုနောက်ပိုင်းမှာ ခေတ်စားလာတာက ဝဥကြာဇံလိုမျိုး စားသောက်ကုန်ပေါ့။ ပြည်ပ ဈေးကွက်က တရုတ်အပြင် ဂျပန်ရှိတယ်၊ ထိုင်ဝမ်ရှိတယ်၊ ကိုရီးယား ရှိတယ်။ ထိုင်းနိုင်ငံကိုလည်း ပို့တယ်။ ပုံမှန်ကတော့ တရုတ်လမ်းကြောင်း အဆက်အသွယ် ရှိတယ်။ ထိုင်းနိုင်ငံဘက်က လိုချင်တယ်ဆိုပြီးတော့ ဆက်သွယ်ထားတာ ရှိတယ်။" ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှ စီးပွားဖြစ် ဝဥစိုက်ခင်း တည်ထောင်ထားသူ ဦးလင်းဦးက ပြောသည်။
 
တောင်သူများအနေဖြင့် ဝဥများကို ရောင်းချသည့်အခါ ကုန်ကြမ်းအတိုင်း ရောင်းချနိုင်သည့်အပြင် မီးကင်ခြောက်/ နေလှမ်းခြောက် ပြုလုပ်၍လည်း ရောင်းချနေကြောင်း သိရသည်။

"တကယ်တမ်းပြောရင်တော့ ကမ္ဘာပေါ်မှာ ဆီးချိုသမားတွေနဲ့ အဝလွန်သမားတွေ ရှိနေသရွေ့ ဝဥကတော့ လိုအပ်ချက်မြင့်မားနေမှာပါ။ နောက်တစ်ခုက ဝဥကို လူသားတွေအတွက် စားသောက်ကုန် အပြင်၊ တိရစ္ဆာန်အစာတောင့်တွေလည်း ပြုလုပ်ကြတယ်။ စက်မှုကုန်ကြမ်း “ကော်”အဖြစ်လည်း ထုတ်လုပ်တယ်။ အစာအိမ်နဲ့အူလမ်းကြောင်းဆေးဝါးတွေလည်း ဝဥကနေ ထုတ်လုပ်တာမျိုး ရှိတယ်။ ဒါ့ကြောင့် ဈေးကွက်က ရှိနေတယ်။ စားသုံးမှုစစ်တမ်းတွေအရ ဂျပန်လူမျိုး၊ တရုတ်လူမျိုးတွေ ဆိုရင် လူတစ်ဦးကို နှစ်ကီလိုနှုန်းလောက် စားတယ်လို့ တွေ့ရတယ်။" ဟု ဦးလင်းဦးက ဆက်လက်ပြောသည်။

ဝဥပင်စိုက်ပျိုးရာတွင် အများအားဖြင့် ပန်းရောင်မျိုး/အဖြူရောင်မျိုး/အဝါရောင်မျိုး စသည်ဖြင့် ဝဥအရောင်နှင့်မျိုးများ ကွဲပြားစွာရှိပြီး၊ မိမိတို့ဒေသအလိုက် ဈေးကွက်ဝယ်လိုအားရှိသည့် ဝဥမျိုးကို ရွေးချယ်စိုက်ပျိုးလေ့ရှိကြသည်။

နန်းထက်ထက်ချစ်