နိုဝင်ဘာ ၁၁

 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အနောက်ပါပူဝါပြည်နယ်တွင် နိုဝင်ဘာ ၁၁ ရက်အစောပိုင်းက ပြင်းအား ၆ ဒသမ ၁ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ကနဦးသတင်းအရ ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း မိုးလေဝသရာသီဥတုအေဂျင်စီက ထုတ်ပြန်ထားသည်ဟု ဆိုသည်။

 

အဆိုပါ ငလျင်လှုပ်ခတ်မှုသည် ဆူနာမီဖြစ်နိုင်ချေမရှိကြောင်း နိုင်ငံ၏ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပအေဂျင်စီပြောကြားချက်အရ သိရသည်။

 

ယနေ့ ဂျကာတာစံတော်ချိန် ၀၀:၄၆ က ကီမာနာခရိုင် အရှေ့တောင်ဘက် ၁၁၅ ကီလိုမီတာ၌ ဗဟိုပြု၍ ပင်လယ်ကြမ်းပြင်အောက် ၁၄ ကီလိုမီတာအနက်တွင် ထိုငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုအေဂျင်စီက ပြောကြားသည်။

 

ထိုပြည်နယ်တွင် ငလျင်နောက်ဆက်တွဲ တုန်ခါမှုများမရှိကြောင်းကိုလည်း  အနောက်ပါပူဝါပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီအရေးပေါ်ဌာန၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ အာဂတ်ဆာဖူလ်က ဆိုသည်။

 

၎င်းငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများ၊ နေအိမ်များ ပျက်စီးခြင်း၊ လူများထိခိုက်ဒဏ်ရာရ၊ သေဆုံးခြင်းဆိုင်ရာ သတင်းများ ယခုထိမရှိသေးကြောင်းနှင့် ငလျင်တုန်ခါမှုများ မရှိကြောင်း ထိုတာဝန်ရှိသူက သတင်းထောက်များကို ဖုန်းဆက်သွယ်ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို