ဝန်းသို နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ ပူပြင်းခြောက်သွေ့သော နွေရာသီ၌ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် လူဦးရေ ၁၃၅၀ ကျော် အကျိုးပြုနိုင်မည့် ရေရရှိရေးလုပ်ငန်းများကို ဝန်းသိုမြို့နယ်အတွင်းရှိ ဝက်တူးကျေးရွာနှင့် ကင်းမြင်သာကျေးရွာတို့၌ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်အတွင်းရှိ ဝက်တူးကျေးရွာ၌ တိုင်းဒေသကြီးရန်ပုံငွေကျပ် ၂၁ သန်းဖြင့် အနက်ပေ ၄၀၀ ရှိ လေးလက်မစက်ရေတွင်း တစ်တွင်း၊ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တစ်ခု၊ အလျား ၁၀ ပေ၊ အနံ ရှစ်ပေနှင့် အမြင့် ရှစ်ပေရှိ ရေစက်ရုံ တစ်ခုကိုလည်းကောင်း၊ ကင်းမြင်သာကျေးရွာ၌ ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၅ ဒသမ ၂၉၉ သန်း ဖြင့် အနက်ပေ ၄၀၀ ရှိ လေးလက်မစက်ရေတွင်း တစ်တွင်း၊ ဂါလန် ၂၀၀၀ဆံ့ ရေစုကန် တစ်ခု၊ အလျား ၁၀ ပေ၊ အနံ ရှစ်ပေနှင့် အမြင့် ရှစ်ပေရှိ ရေစက်ရုံ တစ်ခုကို လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေရရှိရေးလုပ်ငန်းများကို ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ခြောက်လတာကာလအတွင်း ခွင့်ပြုငွေကျပ် ၃၆ ဒသမ ၂၉၉ သန်းအကုန်ကျခံကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးပါက အိမ်ခြေ၊ အိမ်ထောင်စု ၃၀၀ ခန့်မှ လူဦးရေ ၁၃၅၀ ကျော်ကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောပြသည်။
“ဝက်တူးကျေးရွာက ရေသုံးစွဲပုံမှာ မြေသားရေကန်ကို အမှီပြုပြီး ကန်အောက်ပိုင်းမှာ လက်တူးတွင်း တွေတူးပြီး ရေကို ရယူသုံးစွဲကြတယ်။ မိုးက ကန်ရေပြည့်လောက်အောင်မရတော့ နွေရာသီမှာ ကန်ရေခန်းရင် ရေမရတော့ဘူး။ ဒါကြောင့် စက်ရေတွင်း တူးပေးရတာပါ။ အလားတူပဲ ကင်းမြင်သာ ကျေးရွာကျတော့ ဦးစီးဌာနက စက်ရေတွင်း တူးပေးပြီးသား ရှိတယ်။ အိမ်ခြေ လူဦးရေတွေ တိုးလာ တာရော တိုးလာတဲ့နေရာကလည်း ရေအရင်းမြစ်နဲ့ အလှမ်းကွာတာကြောင့် စက်ရေတွင်းတစ်တွင်း ထပ်တူးပေးရတာပါ”ဟု ၎င်းက ဆက်လက်ပြောပြသည်။
မင်းမြင့်မိုရ်(ကျေးလက်)


