မော်လမြိုင်ကျွန်း၊ နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျေးရွာအုပ်စုတွင် ကျေးရွာချင်းဆက် ချောင်းကူးတံတား ပျက်စီးနေသောကြောင့် နေ့စဉ်ကူးသန်း သွားလာနေသော ကျေးရွာရှိပြည်သူများ အခက်ခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါ တံတားသည် လှိုင်းဘုန်းကျေးရွာအုပ်စု စလူချောင်းကျေးရွာနှင့် လိပ်ချောင်းကျေးရွာအား ဆက်သွယ်ထားခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အရှည် ၁၂၀ ပေ၊ အကျယ် ၁၄ ပေရှိ ရေလမ်းကင်းလွတ် တည်ဆောက်ထားသော သစ်သားအသုံးပြု တည်ဆောက်ခဲ့သည့် တံတားဖြစ်သည်။
အဆိုပါချောင်းကူးတံတားသည် လှိုင်းဘုန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပညာသင်ကြားရသည့် ကျောင်းသားကျောင်းသူများ၊ ကျန်းမာရေးအတွက် ဆေးခန်းနှင့် ဆေးဆိုင်များ တည်ရှိရာသို့ သွားလာရသည့် ပြည်သူများ၊ အရောင်းအဝယ်နှင့် ဒေသထွက်ကုန်များ ရောင်းဝယ်ဖောက်ကားကြရာတွင် မရှိမဖြစ် အသုံးပြုနေရသည့် ကျေးရွာချင်းဆက် ချောင်းကူးတံတားတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါကျေးရွာချင်းဆက် ချောင်းကူတံတား ပျက်စီးနေမှုကြောင့် ကျောင်းသား/ကျောင်းသူများ၊ သက်ကြီးရွယ်အိုများ၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၊ ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းများသို့ သွားလာလိုကြသူများ၊ အခက်ခဲများဖြင့် ကြုံတွေ့နေရပြီး တံတားတွင်ခင်းထားသော ကြမ်းခင်းသစ်သားချောင်းများမှာလည်း ဆွေးမြေ့နေခြင်းကြောင့် ၎င်းသစ်သားချောင်းများအား နင်းမိ၍ တံတားပေါ်မှ ချောင်းအတွင်းသို့ ပြုတ်ကျခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများ၏ ပြောကြားမှုများအရ သိရသည်။
သို့ပါ၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများအတွက် လွန်စွာအသုံးဝင်သော ပျက်စီးနေသည့် ကျေးရွာချင်းဆက် ချောင်းကူးတံတားအား သက်ဆိုင်ရာဌာနများမှ အမြန်ဆုံး ပြုပြင်ပေးစေလိုကြောင်း ကျေးလက်နေ ပြည်သူများထံမှ သိရသည်။
ထွန်းထွန်းနိုင် (မော်ကျွန်း)


