နေပြည်တော် နိုဝင်ဘာ ၁၁

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ဦးနှင့်  ဒေါ်နန်းစန္ဒာစမ်းတို့သည် နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် (အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများအသင်း (AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲသို့ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲသည် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း (AACC) ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ်ရုံးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက နိုဝင်ဘာ ၁၀ ရက် မှ ၁၁ ရက်အထိ ဦးဆောင်ကျင်းပသည့် စာတမ်းဖတ်ပွဲဖြစ်ပြီး အဆိုပါ အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲကို “Constitutional Rights and AACC Members” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲသို့  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း (AACC) အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသော ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ တူရကီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး/ ကောင်စီ/ ခုံရုံးများ၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ အထွေထွေ အတွင်းရေးမှူးချုပ်များ၊ ဥပဒေပညာရှင်များနှင့် ဗင်းနစ်ကော်မရှင်နှင့် စင်ကာပူနိုင်ငံ တက္ကသိုလ်တို့မှ ဥပဒေပညာရှင်များ တက်ရောက်ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲကို အပိုင်း (၃) ပိုင်းဖြင့် ကျင်းပပြီး မြန်မာနိုင်ငံ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသည် Constitutional Rights; New Challenges in Myanmar" ခေါင်းစဉ်ဖြင့် စာတမ်းကို ဖတ်ကြားဆွေးနွေးသည်။ အဆိုပါ ဆွေးနွေးချက်တွင် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် အခြေခံဥပဒေအရ ကုစားခွင့် အခွင့်အရေးများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလွှာ တင်သွင်းခွင့်ရှိသည့် ပုဂ္ဂိုလ်များ၊ မူလတရားရုံးတရုံးမှ အမှုတစ်မှုကို စစ်ဆေးစီရင်ဆဲ ကာလအတွင်း ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်အပေါ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ အငြင်းပွားမှု ဖြစ်ပေါ်ပါက အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ သတ်မှတ်နည်းလမ်းများနှင့်အညီ အဆုံးအဖြတ် ရယူရန် အကြောင်းအချက်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ရင်ဆိုင်တွေ့ကြုံလျက်ရှိသည့် စိန်ခေါ်မှုများ စသည့်အကြောင်းအရာများ ပါဝင်သည်။ ထို့အတူ အာရှဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများအသင်း (AACC) အဖွဲ့ဝင်နိုင်ငံများမှ ဥပဒေပညာရှင်များကလည်း စာတမ်းများဖတ်ကြားခဲ့ပြီး အသိအမြင် အတွေ့အကြုံ ဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။

သတင်းစဉ်