မကွေး နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃၉/၂၀၂၁) ကို ယနေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် လျော့နည်းလာပြီ ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနိုင်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များက ခရိုင်မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများနှင့် ဆက်လက်ထိုးနှံပေးမည့် လုပ်ငန်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး ပြန်/ဆက်ဦးစီးမှူးက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများအား ပြည်သူများ သိရှိနိုင်ရေးအတွက် အသိပညာပေးလှုံ့ဆော် ဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်းကောင်း၊ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များအား ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)