နေပြည်တော် နိုဝင်ဘာ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူ တက္ကသိုလ်နှင့် တောင်ငူပညာရေးဒီဂရီကောလိပ်တို့၌ အသစ်ခန့်အပ်သော တက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာ ဆရာမသစ်လွင်များ၊ အခြေခံပညာ ဆရာ ဆရာမ သစ်လွင်များနှင့် အဆိုပါတက္ကသိုလ်နှင့် ပညာရေးဒီဂရီ ကောလိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမနှင့် မြတ်ပညာ ခန်းမတွင် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ဆရာ ဆရာမ သစ်လွင်များခန့်ထား နိုင်ခြင်းအတွက် များစွာဝမ်းမြောက်ရကြောင်းကို ပြောကြားခဲ့ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် နိုင်ငံဝန်ထမ်းဖြစ်လာသည့်အလျောက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာကြရမည်ဖြစ်သည့် အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စီမံရေးရာကိစ္စရပ်များကို ယခုသင်တန်းတွင် လေ့လာခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်းဖြစ်၍ ပါတီနိုင်ငံရေးကင်းရှင်း ကြရမည်ဖြစ်ပြီး မည်သည့်အစိုးရ တက်တက် နိုင်ငံအရေးဖြစ်သော ပညာရေးတိုးတက်အောင် ဆောင်ရွက်ရမည်မှာ ပညာရေးဝန်ထမ်း ဆရာ ဆရာမ များပင်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံတော်အပေါ်သစ္စာရှိ ကြရမည် ဖြစ်ပါကြောင်း။
ဆရာ ဆရာမဆိုသည်မှာ မိမိကိုယ်ကို ထာဝရကျောင်းသားကြီးအဖြစ် သတ်မှတ်၍ အမြဲတမ်း လေ့လာသင်ယူနေကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင် သေသေချာချာတတ်ကျွမ်းမှ ကျောင်းသား ကျောင်းသူများကို စာတတ်အောင် သင်ကြားပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတွင်ပညာတတ်များ ပေါများအောင် ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ မေးသမျှ မှန်မှန်ကန်ကန်ဖြေနိုင်အောင် မိမိတို့ကိုယ်တိုင် တကယ်သိအောင်၊ တကယ် တတ်အောင် လေ့လာ၍ စေတနာ အပြည့်ထားကာ သင်ကြားပေးစေလိုပါကြောင်း၊ ဆရာ ဆရာမ များသည် တာဝန်ကျရာ ဒေသတွင် တွေ့ကြုံရသည့်တပည့်များကို ဆင်းရဲ ချမ်းသာ ခွဲခြားမှုမရှိဘဲ သင်ယူမှုအခွင့်အလမ်းများ တပြေးညီရရှိအောင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ကျောင်းသားကျောင်းသူများအား ရိုးသားကြိုးစားပြီး လောကကို အလှဆင်နိုင်သူ၊ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင်သူများဖြစ်အောင် ပျိုးထောင်မွေးထုတ်ပေး ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာဆရာမများအနေဖြင့် စာများများဖတ်ရန်တိုက်တွန်း ပြောကြားပြီး ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်ဝင်း က ဆရာဆရာမအလုပ်သည် အလွန်မွန်မြတ်သောအလုပ်ဖြစ်ပါကြောင်း၊ အနန္တဂိုဏ်းဝင် ဆရာများ ဖြစ်သည်နှင့်အညီ အဝတ်အစား၊ အပြောအဆို၊ အနေအထိုင်ကို ဆရာ့ ကျင့်ဝတ်နှင့်အညီ ပြုမူကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီတို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်ညွန့်က တောင်ငူတက္ကသိုလ် ဖွဲ့စည်းပုံကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြနှင့်အခြေခံပညာ ဆရာဆရာမသစ်လွင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့ အခြေခံပညာအထက် တန်းကျောင်း(နတ်စင်ကုန်း) သို့သွားရောက်၍ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နေမှုများကို လှည့်လည်ကြည့်ရှု အားပေးကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူတက္ကသိုလ်တွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ရာထူးတိုးမြှင့်ခန့်ထားခံရသော ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့်တွေ့ဆုံ၍ ဒီဇင်ဘာလတွင် တက္ကသိုလ် အတန်းများကို အဆင့်လိုက်စတင်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုပါကြောင်း၊ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ စိမ်းလန်း စိုပြေရေးတို့ကို အလေးထားဆောင်ရွက် စေလိုပါကြောင်း၊ ပါမောက္ခ/ဌာနမှူးများအနေဖြင့် ကိုယ်ချင်းစာ တရားဖြင့် စီမံအုပ်ချုပ်စေလိုပါကြောင်း၊ အားလုံးသည် ပညာရေးတိုးတက်အောင် ဆောင်ရွက်နေကြသည့် လက်တွဲဖော် ပညာရေးဝန်ထမ်းများဖြစ်၍ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြ စေလိုပါကြောင်း၊ တက္ကသိုလ်စာကြည့်တိုက် စာအုပ်များ၊ ပရိဘောဂများ ပြည့်စုံအောင်ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို အမှန်တကယ် အကျိုးရှိထိရောက်စွာ သုံးစွဲကြစေလိုပါ ကြောင်း၊ ကျောင်းသားကျောင်းသူများအား လက်တွေ့ကိုင်တွယ်သုံးစွဲတတ်အောင် လေ့ကျင့်ပေးရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


