နေပြည်တော်၊ နိုဝင်ဘာ ၁၁

 

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးစီမံချက်အား အကောင်အထည်ဖော်နိုင်ရေး အတွက် သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင် အသင်းများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစဉ်အမြဲထည့်သွင်း လမ်းညွှန်မှာကြားလျက်ရှိပါကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်သည့် အစည်းအဝေးသည် ဝန်ကြီးဌာနကရေးဆွဲထားရှိသော မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးစီမံချက်ကို သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များနှင့်ညှိနှိုင်း၍ အပြီးသတ်ပြင်ဆင် ပြုစုတင်ပြနိုင်ရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း။

 

ယခုအခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ ၎င်းတို့ နိုင်ငံများရှိ ခရီးစဉ်ဒေသများသို့ နိုင်ငံတကာနှင့် ဒေသတွင်းခရီးသွားများကို ဦးတည်၍ စတင်ဖွင့်လှစ်လာကြသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း နိုင်ငံတကာခရီးသည်များကို လက်ခံနိုင်ရေးအတွက် အဆင်သင့်ဖြစ်နေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ပြင်ဆင်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများကို လေ့လာပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီမှုရှိသည့် နိုင်ငံတကာခရီးသွားဧည့်သည်များ ဝင်ရောက်ရေးဆိုင်ရာစီမံချက်ကို ကြိုတင်ပြင်ဆင်ရေးဆွဲထားကြ ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးစီမံချက်အပေါ်တွင် ဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင်က ဝန်ကြီးဌာနမှ ရေးဆွဲထားရှိသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး စီမံချက်အား ရှင်းလင်းတင်ပြပြီး Online မှ တက်ရောက်လာသည့် ဆက်စပ်ဝန်ကြီး ဌာနများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှဥက္ကဌများက ခရီးသွား လုပ်ငန်းပြန်လည်စတင်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ဗီဇာများလွယ်ကူအဆင်ပြေစွာ ရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုသည့်အခြေအနေ၊ ခရီးစဉ်ဒေသများရှိ ဆေးရုံများတွင် နိုင်ငံခြားသားခရီးသွား ဧည့်သည်များ ကုသနိုင်ရေး လိုအပ်ချက်များဖြည့်ဆည်းပေးစေလိုသည့် အခြေအနေ၊ ဟိုတယ်များတွင် ဧည့်စာရင်းတိုင်ကြားမှုစနစ်အား Digital စနစ်ဖြင့် ပေးပို့လိုမှုအခြေအနေ၊ Visa on Arrival ဆောင်ရွက်ပေး စေလိုသည့်အခြေအနေ၊ Outbound Tour များ ပြန်လည်ဖွင့်လှစ်ပေးစေလိုသည့်အခြေအနေ၊ Health & Safety Protocol လမ်းညွှန်ချက်များကို နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားဧည့်သည်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေလိုရေး ဆောင်ရွက်ပေးစေလိုသည့် အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို မှန်ကန်စွာသိရှိမှသာ ကောင်းမွန်သော အဖြေရှာနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲ တာဝန်ခံများအနေဖြင့်လည်း မိမိတို့ဒေသအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌများထံသို့ ပြန်လည်တင်ပြပြီး လိုအပ်ချက်များအား ကြိုတင်မျှော်တွေးဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဌာနများနှင့် အသင်းအဖွဲ့များ ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

(သတင်းစဉ်)