မြန်အောင် နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာ( ၅ )ရွာကို ၂၀၂၁ -၂၀၂၂ ခုဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၅၀၀ ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်း၊ တံတား၊ မီးလင်းရေး ၊ ရေရရှိရေး အခြားဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် မိမိတို့ ကျေးရွာ၏ ပကတိလိုအပ်ချက်များ ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါ စီမံချက်များကို မြို့နယ် စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင်ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
" ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းက ကျေးရွာသူ ကျေးရွာသားတွေ အားလုံးပါဝင်ပြီး ကျေးရွာရဲ့ အဓိက ပကတိလိုအပ်ချက်တွေ ပါဝင်တဲ့ ဦးစားပေးအလိုက် စီမံချက်လုပ်ငန်းတွေ ဖော်ထုတ်ပါတယ်။ အဲဒီစီမံချက်လုပ်ငန်းတွေထဲက ပထမဦးစားပေးလုပ်ငန်းကို ကျွန်တော်တို့ ဦးစီးဌာနက ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးရွာရဲ့ငွေထည့်ဝင်မှု လုပ်အားထည့်ဝင်မှုတွေနဲ့ စတင် ဆောင်ရွက်ပေးပါတယ်၊ ကျန်တဲ့လုပ်ငန်းတွေကိုသက်ဆိုင်ရာ မြို့နယ်အဆင့် ဦးစီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရေးဆွဲပေးတဲ့စီမံကိန်း တစ်ခု ဖြစ်ပါတယ်လို့ " မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင် က ပြောသည်။
မြန်အောင်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ယခုခြောက်လတာ ဘဏ္ဍာနှစ်တွင် ညောင်မြစ်ဆွဲ၊ စမ်း၊ ဂုံမင်း၊ ဘုရားကုန်း၊ စာနီစု စသည့် ကျေးရွာ ၅ ရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ၊ ကျေးရွာပြည်သူတွေရဲ့ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း လမ်း၊ တံတား၊ မီးလင်းရေး၊ ရေရရှိရေး အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများက နည်းပညာများပံ့ပိုးကာ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးနေပြီဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ


