ပွင့်ဖြူ      နိုဝင်ဘာ        ၁၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာ ခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသည့် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများကို ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်၍ ဆေးထိုးစုရပ်များအလိုက် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ကာကွယ်ဆေးထိုးနှံ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး  အကြံပြုဆွေးနွေး တင်ပြကြရန် ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက အခြေခံပညာကျောင်းများအလိုက် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများ ဒုတိယ အကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး အောင်မြင်စွာ ထိုးနှံပြီးစီးရေးအတွက် ဆေးထိုးစုရပ်များအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြု ဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ က ဆွေးနွေးအကြံပြုတင်ချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေး၍ ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံနိုင်ရေးနှင့် ကြီးကြပ် ဆောင်ရွက်ရမည့် ဌာနများအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ပွင့်ဖြူမြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စုစုပေါင်း ကျောင်းသားကျောင်းသူ ၅၃၇၅ ဦး ထိုးနှံပေးရမည်ဖြစ်ကြောင်း သိရကာ နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်ပြီး ဆေးထိုးစုရပ်(၇)နေရာခွဲ၍ ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )