ဂျကာတာ နိုဝင်ဘာ ၁၂

 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် အနောက်ပါပူအာပြည်နယ်တွင် နိုဝင်ဘာ ၁၁ ရက် အစောပိုင်းက အင်အား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခဲ့သော်လည်း ကနဦးပျက်စီးသေဆုံးသည့် သတင်းထုတ်ပြန်ဖော်ပြခြင်း မရှိသေးကြောင်း မိုးလေဝသဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ငလျင်လှုပ်မှုကြောင့် ဆူနာမီ ဖြစ်မည် မဟုတ်ကြောင်း မိုးလေ ဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ငလျင်သည် ဒေသစံတော်ချိန် ၁၂ နာရီ ၄၆ မိနစ်တွင် ကိုင်မာနာ အရှေ့တောင်ပိုင်း ၁၁၅ ကီလို မီတာကိုဗဟိုပြု၍ ပင်လယ်ရေအောက်အနက် ၁၄ ကီလိုမီတာ တွင် လှုပ်ခဲ့ကြောင်း အဆိုပါ အေဂျင်စီက ပြောသည်။

 

ငလျင်လှုပ်မှုကို သိပ်မခံစား လိုက်ရကြောင်း ယင်း အေဂျင်စီ က ဆက်လက်ဖော်ပြသည်။

 

အနောက် ပါပူအာပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီ အရေးပေါ်ယူနစ်မှ အရာရှိတစ်ဦးဖြစ်သူ အဂူဆိုင်ဖူက ငလျင်လှုပ်မှုကို ကောင်းစွာ မခံစားလိုက်ရကြောင်း ပြောသည်။

 

ယခုအချိန်အထိ အဆောက်အအုံ သို့မဟုတ် အိမ်များ ပျက်စီးသွားသည့်သတင်း သို့မဟုတ် ဒဏ်ရာရရှိ၊ သေဆုံးသတင်းဖော်ပြခြင်း မရှိသေးကြောင်း သိရသည်။

ဆင်ဟွာ