ပုဏ္ဏားကျွန်း နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများအားလုံး သက်ရှည်ကျန်းမာစွာ နေထိုင်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၁ ရက်က ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ကျန်းရေး ဦးစီးဌာန၊ ယိုးတရုတ်တိုက်နယ်ဆေးရုံ၊ ကွန်းတောင်ကျန်းမာရေးဌာန၊ အလယ်ချောင်း ကျန်းမာရေးဌာနနှင့် ပိုးရွှီပြင်တိုက်နယ်ဆေးရုံတို့၌ ဒေသခံပြည်သူ ၁၆၅ ဦးတို့အား ထိုးနှံပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ (၅)နေရာတို့၌ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ၊ ဦးတည်အုပ်စုများအလိုက် ဒေသခံပြည်သူ ၉၄၉၄ ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အား ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)


