မိုင်းပျဉ်း နိုဝင်ဘာ ၁၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဉီးစီးမှူးရုံးက ပန်းခင်းစီမံချက်အရ ကိုင်ဆောင်လက်မှတ်မရှိသေးသည့် ပြည်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဉီးရေစာရင်းများအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၄ ရက်မှ ယနေ့အထိ ဆင်မောင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



ထိုသို့ ဆောင်ရွက်ပေးရာတွင် မိုင်းပျဉ်းမြို့နယ်ဉီးစီးမှူးရုံးမှ လဝကမှူး ဉီးစိုင်းသန်းထွန်းနှင့် ဝန်ထမ်းများ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆင်မောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ အသက်(၁၀)မှ (၁၈)နှစ်ကြားရှိ ကျား(၂၆)ဉီး၊ မ(၅၀)ဉီး၊ ပေါင်း(၇၆)ဉီးနှင့် အသက်(၁၈)နှစ်အထက်ရှိ ကျား(၄၆)ဉီး၊ မ(၄၉)ဉီး ပေါင်း (၉၅)ဉီးကို နိုင်ငံသားစိစစ်ရေး ကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ ကျား(၅)ဉီး၊ မ(၂၄)ဉီး၊ ပေါင်း(၂၉)ဉီးကို နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်လဲလှယ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးသူ ကျား(၁၃)ဉီး၊ မ(၁၁)ဉီး၊ ပေါင်း(၂၄)ဉီးကို မိတ္တူအသစ်ပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စု(၈၃)စုကို အိမ်ထောင်စုလူဉီးရေစာရင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


ယင်းသို့ပြုလုပ်ပေးခြင်းကို ဆင်မောင်းကျေးရွာအုပ်စု၊ ဝမ်ပေါ်ကျေးရွာနှင့် ဟွေယောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး မိုင်းပျဉ်းမြို့နယ် ဉီးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မြေစိုက်ပိုစတာများ စိုက်ထူခြင်း စသည့် ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)