နေပြည်တော်၊ နိုဝင်ဘာ ၁၂  

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခွဲတွင် လှိုင်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ အင်းစိန်လမ်းတွင် ကျော်ဇင်ထွန်း(ခ)မှန်လေးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၆၀ ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲတွင် သာကေတမြို့နယ်၊ အမှတ်(၃) ရန်ပြေရပ်ကွက်နေ ပံသုကျော်(ခ)ပိုင်ကြီး ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၁၈၅ ပြား၊ ဆေးခြောက် သုည ဒသမ ၄ ကီလို၊ အိုက်စ် သုည ဒသမ ၁၃ ကီလိုကို ဖမ်းဆီးရမိခဲ့သည်။

 

ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ကန်ကြီးကျေးရွာအနီး၊ နောင်ချို-ရပ်စောက်သွား ကားလမ်းတွင် တင်ထွန်းဦး မောင်းနှင်ပြီး မနန်းဖွေးဦး လိုက်ပါလာ သည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ကိုလည်း ကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအနီး၊ မူဆယ်-ကွတ်ခိုင်သွား ကားလမ်းတွင် လီရှီးဂျုံး မောင်းနှင်ပြီး ဇော်နန် လိုက်ပါလာသည့် မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေအရအရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)