ရန်ကုန် နိုဝင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် နိုင်ငံအတွင်း နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးနိုင်စေရန်နှင့် သန့်ရှင်း၍ အရည်အသွေးကောင်းမွန်သော နွားနို့များရရှိရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်နွားနို့ဈေးကွက်နှင့် တာမွေနွားနို့ဈေးကွက်တို့ရှိပြီး ပုဂ္ဂလိက နို့စားနွား မွေးမြူသော ခြံပေါင်း ၂၂၇ ခုရှိကာ နို့စားနွားအကောင်ရေ ၁၃၀၀ ခန့်မွေးမြူထား၍ နေ့စဉ် နွားနို့ ဈေးကွက်နှစ်ခုမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူတို့ထံ ဖြန့်ဖြူးပေးလျက်ရှိသည်။ ယနေ့တွင် အင်းစိန်နွားနို့ဈေးကွက်၌ နွားနို့တစ်ပိသာလျင် ၁၂၀၀ ကျပ် မှ ၁၅၀၀ ကျပ်အထိ ဈေးသွက်လျက်ရှိသည်။
“ဒေသနဲ့ကိုက်ညီတဲ့ နို့စားနွားတွေမွေးမြူနိုင်ဖို့ သုတေသနပြုလုပ်ပြီး ဆောင်ရွက်နေပါတယ်။ နို့စားနွားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဇီဝလုံခြုံမှုထိန်းချုပ်ရေးနဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို ဆောင်ရွက်ပါတယ်။ ပြီးတော့သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို အများပြည်သူ စားသုံးနိုင်အောင် ပုဂ္ဂလိကထုတ်လုပ်သူတွေကိုလည်း လိုအပ်တဲ့နည်းပညာနဲ့ သင်တန်းပို့ချမှုကို ပံ့ပိုးပေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှုး ဒေါက်တာတိုးမင်းထွန်းက ပြောသည်။
“လတ်ဆတ်တဲ့နွားနို့ရအောင်နဲ့ လတ်ဆတ်မှုရှိ/မရှိ စစ်ဆေးပြီးတော့ နွားနို့မှာပါဝင်တဲ့ အသားဓာတ်၊ အဆီဓာတ်ပါရှိမှု စတာတွေကို စစ်ဆေးပြီးမှ ဈေးကွက်အတွင်းကို ဖြန့်ဖြူးရပါတယ်။ ဒီလိုစစ်ဆေးမှု ပြုလုပ်နိုင်အောင် ဓာတ်ခွဲခန်းဝန်ထမ်းတွေကို မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ရန်ကုန်အပြင်မန္တလေးက စဉ်ကိုင်မြို့မှာရှိတဲ့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကလည်း သင်တန်းပို့ချပေးပါတယ်” ဟု ငွေစင်ပုလဲ နွားနို့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မေထုန်မဲ့ သားစပ်နည်းဖြစ်သော မျိုးချောင်းများကို ထုတ်လုပ်၍ မွေးမြူရေးတောင်သူတို့ထံ အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး ရောဂါခံနိုင်ရည်ရှိသော ဖရီရှန်နို့စားနွားများ မျိုးပွားနိုင်ရန်နှင့် နို့စားနွားများ ပိုမိုမွေးမြူနိုင်ရန် အသိပညာပေးခြင်းနှင့် အရည်အသွေးကောင်းမွန်သော နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)


