ရန်ကုန် နိုဝင်ဘာ ၁၂

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်သည် ယနေ့မွန်းလွဲ ၁ နာရီက  ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် မတ်လအတွင်း မီးလောင်ဆုံးရှုံးခဲ့သော စက်ရုံများလုပ်ငန်း ပြန်လည်လည်ပတ်နိုင်ရေးရည်ရွယ်၍ အဆိုပါ စက်ရုံများမှ မြေပိုင်ရှင်များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

အစည်းအဝေးတွင် ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် စက်ရုံများ၏ မြေပိုင်ရှင်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများက မီးလောင်စက်ရုံများ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေးကိစ္စ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာကိစ္စ၊ နိုင်ငံခြားသားပညာရှင်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့််အညီ အချိန်တိုအတွင်း လာရောက်နိုင်ရေးကိစ္စ၊ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေရရှိရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေး တင်ပြကြသည်။

 

 ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက မီးလောင်စက်ရုံများ အမြန်ဆုံး ပြန်လည်လည်ပတ် နိုင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ပို့ကုန်တိုးမြှင့်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာ မည်ဖြစ်၍ ယခုကဲ့သို့ အလေးထားလာရောက် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ ကိုလည်း ဥပဒေနှင့်အညီ အခွန်ကင်းလွတ် သက်သာခွင့်များ၊ မီးအာမခံလျော်ကြေးရရှိရေး၊ မီးလောင်ခဲ့သည့် မော်တော်ယာဉ်များ အစားထိုးတင်သွင်းမှတ်ပုံတင်ခွင့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေး ထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများပိုင်ဆိုင်သည့် မီးလောင်ခံရသည့် စက်ရုံများ အမြန်ဆုံးပြန်လည် တည်ဆောက် လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်က ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်သမျှ အားလုံးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် သက်ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ တို့နှင့် အသေးစိတ်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)