ကျွန်းစု နိုဝင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ရတနာတက္ကစီပရဟိတအသင်း အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက မော်တော်ယာဉ်များ စည်းကမ်း ဖောက်ဖျက်မှုနှင့် စစ်ဆေးအရေးယူမှု ဆိုင်ရာတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကော်မတီ ဒုတိယဥက္ကဋ္ဌ ရဲမှူးရန်နိုင်ဝင်းက လိုင်စင်မဲ့ မော်တော်ယာဉ်များဖြင့် ကယ်ရီမောင်းနှင်သူ အသွင်ယူ၍ အကြမ်းဖက်မှုလုပ်ငန်းများ ပြုလုပ်လျက်ရှိသည့်အတွက် မြို့နယ်မှာရှိသည့် ကယ်ရီမောင်းနှင်သူများအနေဖြင့် လိုင်စင်မဲ့ဆိုင်ကယ်များ စီးနှင်မှုမပြုရန်နှင့် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ၏ ကိုယ်ရေးအချက်အလက်များပါဝင်သော သတ်မှတ်ထားသည့် လည်ဆွဲကတ်ပြုလုပ်၍ အသုံးပြုရန်တို့ကို ရှင်းလင်းပြောကြားသည်။
ထိုနောက် ကော်မတီအဖွဲ့ဝင်များက သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်း၍ ပြုလုပ်သွားမှာဖြစ်ကြောင်း၊ ဆိုင်ကယ်ကယ်ရီ ပြေးဆွဲမည့်သူများအား ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များ မရှိပါက ပြုလုပ်နိုင်ရေး၊ သတ်မှတ်သည့် လည်ဆွဲကတ် ပြုလုပ်ပြီး အသုံးပြုရေး၊ ကိုဗစ် - ၁၉ ရောဂါ လမ်းညွှန်ချက်များ လိုက်နာ၍ စနစ်တကျမောင်းနှင်ရေး၊ မြို့အဝင်ဆိပ်ကမ်း၌ အမြန်ရေယာဉ်ဆိုက်ကပ်ချိန်တွင် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ စနစ်တကျ ရပ်နားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


