ဟိုပန် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဒုတိယအသုတ်(ဒုတိယအကြိမ်) ဆေးထိုးရန်ကျန်ရှိသည့် အသက် ၁၈ နှစ်အထက် ဒေသခံ ပြည်သူများအား နိုဝင်ဘာ ၁၂ ရက်တွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဆက်လက်ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဆေးလာရောက်ထိုးနှံသည့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးသည်။
ဟိုပန်မြို့နယ်တွင် နိုဝင်ဘာ ၁၂ ရက်အထိ အသက် ၁၈ နှစ်အထက် အမျိုးသား ၁၆၂၂ ဦး၊ အမျိုးသမီး ၁၆၇၈ ဦး စုစုပေါင်း ပြည်သူ ၃၃၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၆၆၀ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)


