ဘားအံ နိုဝင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးစပါးအထွက်နှုန်း မှန်ကန်စေရေးအတွက် ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၈ နာရီခန့်က တော်ပုံကျေးရွာအုပ်စုမှ တောင်သူ ဦးအီလူ၏ ဧည့်မထမိုးစပါးစိုက်ခင်း၌ ပြုလုပ်သည်။
မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ကရင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမင်း၊ ဘားအံခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက တောင်သူများနှင့်အတူ ဦးအီလူ၏ ဧည့်မထနှင့် အခြားစပါးမျိုးသင့်စံကွက်တွင် ၆ ဒသမ ၆ ပေ ပတ်လည် တစ်ဧက၏ တစ်ထောင်ပုံတစ်ပုံ (၀ ဒသမ ၀၀၁)ဧက ထောင့်ဖြတ်သုံးကွက်ကို ရိတ်သိမ်းခဲ့ကြပြီး ရရှိလာသောစပါးများကို ပျှမ်းမျှရယူ၍ ကိုယ်စားပြုစံကွက်တစ်ကွက်အဖြစ် သတ်မှတ်ရာ တစ်ဧကအထွက်နှုန်း ၅၆ ဒသမ ၆၇ တင်း ရရှိကြောင်း သိရသည်။
ကရင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် မိုးစပါးအထွက်နှုန်း မှန်ကန်စေ ရေး စံကွက်ရိတ်သိမ်းခြင်းကို ကွင်းအလိုက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘားအံမြို့နယ်အတွင်းရှိ မိုးစပါး စိုက်ကွက် ၂၉၄ ကွက်တွင် စံကွက်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အလားတူ စံကွက်ရိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


