ရန်ကုန် နိုဝင်ဘာ ၁၄
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးများတွင် ယာဉ်မောင်း လိုင်စင် သက်တမ်းတိုးရက်ချိန်း ကြိုတင်စာရင်းသွင်းသည့်စနစ်(Online booking System)ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်မှစတင်၍ ပြောင်းလဲကျင့်သုံး ဝန်ဆောင်မှုပေးလျက်ရှိ သည်။
မိမိယာဉ်မောင်းလိုင်စင် သက်တမ်း တိုးမှုကို www.rtad.gov.mm Website တွင် online booking ကို အနည်းဆုံး ၁ ရက်မှ အများဆုံး၃၀ ရက်ထိကြိုတင် ရယူနိုင်ပြီး Online Booking System အား က၊ က-၁၊ ခ၊ ဃ၊ င စသည်တို့ အတွက် သက်တမ်းတိုး ယာဉ်မောင်း လိုင်စင်များအတွက်သာ ဆောင်ရွက်မည်ဖြစ်ပြီး သ၊ ဂ၊ ဌ၊ စ၊ ဟ စသည်တို့ သက်တမ်းတိုးမည့် ယာဉ်မောင်းလိုင်စင်များနှင့် နယ်ဝင်နှင့် ပျောက်ပျက်မိတ္တူ ဆောင်ရွက်မည့် ယာဉ်မောင်းလိုင်စင်များသည် Online Booking ရယူရန်မလိုဘဲ ယခင်အတိုင်း ဆက်လက် ဝန်ဆောင်မှုပေးလျက် ရှိသည်။
ရုံးဖွင့်ရက်တို့တွင် နံက်ပိုင်း ၈ နာရီခွဲမှညနေ၄ နာရီခွဲထိ လေးကြိမ်ခွဲ၍ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး စောင်ရေ ၂၀၀၊ အနောက်ပိုင်းခရိုင်ရုံးစောင်ရေ ၄၀၀၊ တောင်ပိုင်းခရိုင်ရုံးစောင်ရေ ၁၂၀ နှင့် မြောက်ပိုင်းခရိုင်ရုံး၌ စောင်ရေ ၂၅၀ ဖြင့် တစ်ရက်လျှင် ခရိုင်ရုံးလေးခု၌ စောင်ရေ ၉၇၀ ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ရုံးတို့တွင် လူစုလူဝေးဖြင့် ဆောင်ရွက်ရသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းများနှင့် ယာဉ်မောင်းလိုင်စင် ဖြေဆိုစစ်ဆေး ခြင်း လုပ်ငန်းတို့ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်မှစ၍ ခေတ္တ ရပ်ဆိုင်းခဲ့သည်။ ယခုအခါ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုလျော့ကျခဲ့ရာ ယာဉ်မောင်းလိုင်စင် စစ်ဆေးထုတ်ပေးခြင်း ကို Online Booking စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ။
ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲ (ရွာသာကြီး) တစ်နေရာတည်း၌ (ခ) ယာဉ်မောင်းလိုင်စင်၊ (ဃ) ယာဉ်မောင်းလိုင်စင်၊ (င) ယာဉ်မောင်းလိုင်စင် အသစ်ဖြေဆိုလိုသူများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း တက်ရောက်လိုသူများ အနေဖြင့် နံနံက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲထိ တစ်ရက်လျှင် လူဦးရေ ၄၀ ဖြင့် လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး အချက်အလက်များကို သိရှိလိုပါက နေပြည်တော် ဖုန်းနံပါတ် ၀၆၇-၃၄၀၅၀၉၉ နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး (ရန်ကုန်ဖုန်းနံပါတ် ၀၁-၅၇၀၉၆၇၊ တိုင်းဒေသ ကြီးရုံးခွဲ (ရွာသာကြီး) ဖုန်းနံပါတ် ၀၁-၂၅၈၅၀၈၂ သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)


