မောက်မယ် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို မောက်မယ်မြို့နယ်အတွင်း ကျေးရွာ ၂၂ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါစီမံကိန်းတာဝန်ခံ ဦးအာကာဖြိုးထံမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စီမံကိန်းလုပ်ငန်းများကို နိုဝင်ဘာလကုန်အထိ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ စီမံကိန်းစက်ဝန်းအပိုင်းအလိုက် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၁၅ သန်းဖြင့် မောက်မယ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၂ ရွာမှ ကျေးရွာ ၁၃ ရွာ၌ ရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်း ၁၀ ခု၊ ရေပေးရေးလုပ်ငန်း နှစ်ခု၊ ခန်းမဆောင်တိုးချဲ့ခြင်းလုပ်ငန်း တစ်ခု၊ စုစုပေါင်းလုပ်ငန်းခွဲပေါင်း ၁၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူထုဗဟိုပြုစီမံကိန်းသည် ပြည်သူဗဟိုပြုချဉ်းကပ်နည်းလမ်းကို အသုံးပြု၍ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အခွင့်အလမ်းများ ရရှိအသုံးပြုနိုင်မှု တိုးတက်လာစေရန် ရည်ရွယ်ကြောင်း၊ စီမံကိန်းပြီးဆုံးသည်အထိ ကျေးလက်လူထုမှ ရွေးချယ်ထားသော ကျေးလက်ဒေသ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်ရန် ငွေကြေးထောက်ပံ့ပေးသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


