မောင်တော နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်အန္တရာယ် ကာကွယ်နိုင်ရေး အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူခြင်းကို နိုဝင်ဘာ ၁၃ ရက် နံနက် ၈ နာရီက မြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် စိုက်ထူခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှူး ဦးမောင်ဝင်းနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများသည် အန္တရာယ်ရှိသောပစ္စည်းများ ဖြစ်ကြောင်း၊ ၎င်းပစ္စည်းများသည် အန္တရာယ်မရှိနိုင်ပါဟု ထင်ရပါသော်လည်း လက်တွေ့တွင် အလွန်အန္တရာယ်များကြောင်း၊ ထိုပစ္စည်းများ တွေရှိပါကလည်း လုံးဝမကိုင်ဘဲ အန္တရာယ်ရှိကြောင်း အခြားသူများကို အသိပေးပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံသို့ သွားရောက်ကာ သတင်းပေးပို့ရမည်ဖြစ်ကြောင်း စသည့် အချက်များပါဝင်သော အသိပညာပေး မြေစိုက်ပိုစတာများကို မြို့မနာရီစင်ခွဆုံ၊ (၃)မိုင်လမ်းဆုံတို့တွင် စိုက်ထူခဲ့ကြသည်။
မြေမြှုပ်မိုင်းကြောင့်နှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရသူများမှ ခြေတု (သို့မဟုတ်) ကိုယ်ကာယပြန်လည် သန်စွမ်းရေးဝန်ဆောင်မှုများ ရယူလိုပါက မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရခိုင်ပြည်နယ် စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်၊ ပြည်နယ်ကြက်ခြေရုံးသို့ ဆက်သွယ်ရန်အတွက် ဖုန်း ၀၉၈၉၇၆၆၃၉၃၉ သို့ တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်းနှင့် ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး လုပ်ငန်းတာဝန်ခံ ဖုန်း ၀၉၄၄၄၅၃၀၇၅ တို့သို့ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၈ နာရီခွဲ ညနေ ၅ နာရီခွဲအတွင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


