ကျောက်ဆည် နိုဝင်ဘာ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်တောင်းကြီးကျေးရွာ မဟာရွှေသိမ်တော် ဆုတောင်းပြည့် မြတ်စွာဘုရား  အနေကဇာတင်ခြင်းနှင့် ပင်မကျောင်းဆောင်တော်ကြီး၏ ဆင်ဝင်တော် မျက်နှာကြက်အား ရွှေဇာဝါယွန်းဖြင့် အလှဆင်ကပ်လှူခြင်း၊ ပင်မကျောင်းဆောင်တော်ကြီး မျက်နှာကြက် တစ်ခုလုံးအား ရွှေရောင်စတီးပြား မြန်မာမှုပန်းများဖြင့် အလှဆင်ကပ်လှူခြင်း မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက် နံနက် ၇ နာရီက မဟာရွှေသိမ်တော်ဘုရား ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဧရာဝတီပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဘဒ္ဒန္တပါမောက္ခာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း၊ ရွှေသိမ်တော် ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေနှင့် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကုန်းမြင့်သာ ပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဂန္တဝါစကပဏ္ဍိတ) ဘဒ္ဒန္တစက္ကိန္ဒာဘိဓဇထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)