ကဝ နိုဝင်ဘာ ၁၄

 

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁ - ၂၀၂၂ ခု (၆) လဘတ်ဂျက်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးလှဝင်းကျော်ထံမှ သိရသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကမာကလဲကျေးရွာ၊ သောင်ကြီးကျေးရွာ၊ ဘေးဘောက်ကျေးရွာနှင့် ဘော့တွန်ကျေးရွာများသို့ ကဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဝင်းကျော်နှင့်အတူ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက သွားရောက်ပြီး အဆိုပါကျေးရွာများရှိ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းရွေးချယ် အတည်ပြုခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

စီမံကိန်းဆောင်ရွက်မည့် ကျေးရွာလေးရွာအား စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၄၀၀) ဖြင့် ကျေးရွာတွင်း ဂဝံလမ်းခင်းခြင်း လုပ်ငန်းများနှင့် မြေသားရေကန် ပြုပြင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးပေးခြင်း၊ အနီးကပ်ကြီးကြပ်ခြင်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။

 

ရည်ရည်မြ(ကျေးလက်)