နေပြည်တော် နိုဝင်ဘာ ၁၄
    
အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့တွင် (၃) ကြိမ်မြောက် Goa Maritime Conclave 2021 (GMC-2021) ကို နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့ သည်။     
    
အဆိုပါ Goa Maritime Conclave 2021 (GMC-2021) ကို အိန္ဒိယရေတပ် Naval War College မှ တာဝန်ယူကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ ကာကွယ် ရေး အတွင်းဝန် Defence Secretary Dr. Shri Ajay Kumar ၊ နိုင်ငံခြားရေးအတွင်းဝန် Foreign Secretary Mr.  Harsh Vardhan Shringla နှင့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh တို့က အဖွင့်မိန့်ခွန်းများပြောကြား၍ အခမ်း အနားကို ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် ရေတပ်ဦးစီးချုပ်တို့က တက်ရောက်လာသော အိန္ဒိယသမုဒ္ဒရာအတွင်းမှ ရေတပ်ဉီးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကြသည်။ 

ထို့နောက် တက်ရောက်လာသော ရေတပ်ဉီးစီးချုပ်များမှ Maritime Security and Emerging Non-Traditional Threats: A Case for Proactive Role for IOR Navies နှင့် ပတ်သက်၍ တည်ငြိမ်အေးချမ်းသည့် အိန္ဒိယသမုဒ္ဒရာ Peaceful India Ocean ဖြစ်စေရန်အတွက် ရေကြောင်းမူဝါဒဆိုင်ရာ သဘောထားအမြင်များကို နိုင်ငံ အလိုက် ဆွေးနွေးကြသည်။ ထိုသို့ဆွေးနွေးရာတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က အိန္ဒိယသမုဒ္ဒရာ၏မဟာဗျူဟာ အချက်အခြာကျမှု၊ အခွင့် အလမ်းနှင့်စိန်ခေါ်မှုများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် တပ်မတော် (ရေ) မှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အိန္ဒိယသမုဒ္ဒရာအတွင်း သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများကို Navy to Navy Staff Talks ၊ Coordinated Patrol၊ Bilateral နှင့် Multilateral ပူးပေါင်း၍ ဖြေရှင်း ဆောင်ရွက် နိုင်မည့်နည်းလမ်းများအား ဖော်ထုတ် ဆွေးနွေးခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ရေတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များမှ Comom Maritine Priorities in IOR အားထုတ်ပြန်ကြေငြာခဲ့သည်။ 

ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော အငြိမ်းစား ရေတပ်ဉီးစီး ချုပ်များ၊ ရေတပ်အရာရှိကြီးများ၊  သံအမတ်ကြီးများနှင့် ကျွမ်းကျင်ပညာရှင်များက Maritime Security and Emerging Non-Traditional Threats ခေါင်းစဉ်အား အပိုင်း ၃ ပိုင်း ခွဲ၍ ရေကြောင်းလုံခြုံရေးဆိုင်ရာ စာတမ်းများအား ဖတ်ကြားခဲ့ပြီး အပြန်အလှန် ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ဆက်ဆံရေး ကိုယ်စား လှယ်အရာရှိများပါဝင်ဖွဲ့စည်းထားရှိသည့် Information Fusion Centre – Indian Ocean Region (IFC-IOR) မှ ၂၀၂၁ခုနှစ်အတွင်း အိန္ဒိယသမုဒ္ဒရာအတွင်း၌ ဖြစ်ပွားခဲ့ သော သမားရိုးကျမဟုတ်သည့် ခြိမ်းခြောက်မှုများအပေါ် လေ့လာ သုံးသပ်ခြင်း၊ ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် သတင်း အချက်အလက်ဖလှယ်ခြင်း၏ အရေးပါမှုများအား  ဆွေးနွေးခဲ့ကြသည်။

ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာနိုင်ငံ ရေတပ်ဦးစီးချုပ် Vice Admiral Nishantha Ulugetenne နှင့် လည်းကောင်း၊ အိန္ဒိယရေတပ် အနောက်ပိုင်း ရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral R. Hari Kumar ၊ တောင်ပိုင်း ရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Anil Kumar Chawla တို့နှင့် သီးခြားစီ တွေ့ဆုံပြီး ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ် များနှင့် ပတ်သက်၍လည်းကောင်း၊ ရေကြောင်းတိုင်းတာရေးဌာနမှ Chief Hydrographer ဖြစ်သူ Vice Admiral Adhir Arora နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ရေကြောင်း တိုင်းတာရေး ပူးတွဲဆောင်ရွက်မှုနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေပြင်ပိုင်နက်ဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍လည်းကောင်း အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

Goa Maritime Conclave 2021 (GMC-2021) ဆွေးနွေးပွဲအား အိန္ဒိယရေတပ်မှ ၂ နှစ်တစ်ကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဒေသတွင်း ရေကြောင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်စိန်ခေါ်မှုများအတွက် တုံ့ပြန်ဖြေရှင်းနိုင်ရန် ဆောင်ရွက် သင့်သော နည်းလမ်းများကို ရေတပ်များအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ထို့ပြင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Mormugoa Port Terminal ဆိပ်ကမ်းရှိ အိန္ဒိယရေတပ်၏ရေငုပ်သင်္ဘောကယ်ဆယ်ရေးရေယာဉ် Deep Submergence Rescue Vessel-DSRV သို့ သွား ရောက်လေ့လာခဲ့သည်။ အဆိုပါ ရေယာဉ်သည် ရေအနက် မီတာ ၆၅၀ အထိ ငုပ်လျိုးနိုင်ပြီး တစ်ကြိမ်လျှင် ရေငုပ် သင်္ဘောသား ၁၄ ဦးအား တစ်ပြိုင်တည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။ ဆက်လက်၍ Kolkata  Class ဒုံးပျံတင် ဖျက်သင်္ဘော INS Kochi (D64) သို့ သွားရောက် လေ့လာခဲ့ရာ အနောက် ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်၊ ဌာနချုပ်မှူးနှင့် စစ်ရေယာဉ်မှူးတို့မှ လိုက်လံရှင်းလင်း ပြသခဲ့သည်။ 

ယင်းနောက် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Goa Shipyard Limited သင်္ဘောကျင်းသို့သွားရောက်ပြီး ရေတပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် အရပ်ဘက် ရေယာဉ်များ တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်း ဆောင်ရွက်နေမှုများအား အသေးစိတ် လေ့လာခဲ့သည်။ ဆက်လက်၍ အိန္ဒိယရေတပ်၏ လေတပ်အခြေစိုက်စခန်း INS Hansa သို့သွားရောက်ကာရေတပ်ဆိုင်ရာလေတပ်ဖွဲ့စွမ်းဆောင်နိုင်မှုများနှင့် Goa အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ လေယာဉ်တင်သင်္ဘော၏ကုန်းပတ် ပုံစံတူနေရာ Shore Based Test Facility ပြုလုပ်၍ တိုက်လေယာဉ် အတက် အဆင်း ပျံသန်းလေ့ကျင့်နေမှုများကို သွားရောက် ကြည့်ရှုလေ့လာခဲ့သည်။ ထို့နောက် အိန္ဒိယ ရေတပ်၏ ခေတ်အဆက် ဆက်အသုံးပြုခဲ့သော ရေတပ်၏လေတပ်ဖွဲ့မှ လေယာဉ်များ၊ တိုက်ပွဲသမိုင်းကြောင်း များအား ပြသထားသည့် Naval Aviation Museum သို့ သွားရောက် လေ့လာခဲ့ရာ သက်ဆိုင်ရာ တာဝန်ခံအရာရှိများက လိုက်လံ ရှင်းလင်းပြသကြသည်။ INS Hansa ရေတပ်၏လေတပ်ဖွဲ့သည် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ခြင်း၊ပင်လယ်ပြင်ကင်းလှည့်ထောက်လှမ်းခြင်းနှင့် ရေငုပ် သင်္ဘောများအား ရှာဖွေထောက်လှမ်းခြင်းများကို စွမ်းဆောင်နိုင်သည်။ အိန္ဒိယနိုင်ငံ ရေတပ်ဆိုင်ရာ လေတပ်ဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် လေယာဉ်စီးရေ ၂၅၀ ဖြင့် ဖွဲ့စည်းတာဝန် ထမ်းဆောင်လျက်ရှိပြီး လာမည့်ဆယ်စုနှစ်ကာလတွင်း လေယာဉ်စီးရေ ၄၅၀ အထိ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)