နိုဝင်ဘာ ၁၅
လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို နောက်ထပ်ကြေညာချက်ထုတ်ပြန်ချိန်အထိ သက်တမ်းတိုးမြှင့်ခဲ့ကြောင်း အစိုးရကထုတ်ပြန်ကြေညာခဲ့သည်။
ဝန်ကြီးချုပ်ရုံးလက်ထောက်အကြီးအကဲ ထရစ်ပါကွန်ချန်သဗွန်ဆာက အုပ်စုလိုက်ရောဂါ ကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ကူးစက်များမြင့်မားလာသည်ဟု ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လူဦးရေထူထပ်သည့်ဒေသများတွင် ရောဂါကူးစက်မှုအများဆုံးဖြစ်ပွားကာ လူမှုရေးပွဲများ၊ ရုံးများ၊ အဖွဲ့အစည်းများနှင့် မိသားစုများအတွင်း၌ ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားအဖွဲ့ကော်မတီကခွင့်ပြုထားသည်အရာများမှတစ်ပါး နယ်စပ်ဒေသများနှင့် စစ်ဆေးရေးဂိတ်များ ဆက်လက်ပိတ်ထားမည်ဖြစ်သည်။
နိုင်ငံခြားသားများအတွက် ခရီးသွားဗီဇာများ ထုတ်ပေးမည်မဟုတ်ကြောင်းနှင့် နိုင်ငံအတွင်းသို့ အရေးတကြီးဝင်ရောက်ရန်လိုအပ်သည့် သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှဝန်ထမ်းများ၊ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို ဝင်ခွင့်ပြုမည်ဖြစ်သော်လည်း အစိုးရကထုတ်ပြန်ထားသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအစီအမံများအားလုံးကို လိုက်နာရမည်ဟု ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် ဖျော်ဖြေရေးပွဲများ ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး ဘာသာရေးပွဲတော်များနှင့် လှုပ်ရှားမှုများအပါအဝင် တွေ့ဆုံပွဲများနှင့်ဆွေးနွေးပွဲများ၊ အခြားသောစုဝေးပွဲများတွင် လူ ၅၀ ထက်မကျော်လွန်စေရန် တားမြစ်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို