ပင်လောင်း နို၀င်ဘာ ၁၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ တွေ့ရှိရသောကြောင့် မြို့နယ် နယ်နိမိတ်ဧရိယာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမိုလျော့ကျစေရေးအတွက် Local Semi-Lockdown ကာလအား နိုဝင်ဘာ ၁၄ ရက်မှ ၂၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားကြောင်း သိရသည်။

 

ထိုသို့ထုတ်ပြန်ရာတွင် မိမိနေအိမ်တွင်သာ နေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)။ မဖြစ်မနေ ဈေးဝယ်ထွက်ရန်၊ အပြင်ထွက်ရန်ရှိပါက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ဖြန့်ဝေထားသည့် ကတ်ပြားကိုင်ဆောင်လာရန်နှင့် တစ်အိမ်လျှင် (၁)ဦးသာ နေအိမ်ပြင်ပသို့ ထွက်ခွာကြရန်၊ (Local Semi - Lockdown ကာလအတွင်း မွန်းလွဲ ၂ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအတွင်း သတ်မှတ်ချက်များမှအပ ပြင်ပသို့ သွားလာခြင်းမပြုရန်နှင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်)၊ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသည့် ၅ ရက်တစ်ကြိမ် စျေးနေ့များအား နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ပိတ်ထားရန်နှင့် အခြားမြို့နယ်မှ လာရောက်ရောင်းချသည့် စျေးရောင်း၊ စျေး၀ယ်များအား ခွင့်မပြုရန်။ ပုံမှန်စျေး(မြို့မစျေး)များတွင် ဆေးဆိုင်၊ ဟင်းသီးဟင်းရွက်နှင့် သားငါးဆိုင်များကိုသာ ဖွင့်လှစ်ရောင်းချရန်။ မြိုနယ်အတွင်းရှိ စျေးဆိုင်များတွင် စျေးရောင်းချသူများအားလုံး ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RDT Tesk Kit ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးမှုခံယူပြီးမှသာ ဖွင့်လှစ်ရောင်းချရန်။

 

ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်၍ လူနာတစ်ဦး၊ အကူတစ်ဦး၊ ယာဉ်မောင်း(၁)ဦးတို့ဖြင့် စုစုပေါင်း (၃)ဦးသာ သွားရောက်ရန်၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်အတွက် နေအိမ်ပြင်ပထွက်ခွာပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တစ်ပါတည်းယူဆောင်လာရန်၊ အခါကြီးရက်ကြီးနေ့များ၌ လည်းကောင်း၊ အခြားနေ့ရက်များ၌လည်းကောင်း၊ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ၊ ပွဲလမ်းသဘင်များ၊ အလှူအတန်းများ၊ မင်္ဂလာဆောင်များအား လူစုလူဝေးဖြင့် ကျင်းပခြင်းမပြုလုပ်ရန်၊ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ မွန်းလွဲ ၂ နာရီမှစ၍ ဆေးဆိုင်များ၊ ဆေးခန်းများ၊ စက်သုံးဆီဆိုင်များမှအပ မည်သည့်ဈေးဆိုင်မှ ဖွင့်လှစ်ရောင်းချခြင်းမပြုရန်၊ ပင်လောင်းမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်သည့် မော်တော်ယာဉ်များအားလုံး သတ်မှတ်ထားသော နေရာများမှအပ ရပ်နားခြင်း လုံးဝ(လုံးဝ)ခွင့်မပြု၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်/ကျော်လွန် သွားလာခွင့်ပြုရန်၊ နေအိမ်မှပြင်ပသို့ သွားလာလျှင် မဖြစ်မနေ Mask စနစ်တကျ တပ်ဆင်ရန်နှင့် တပ်ဆင်ခြင်းမရှိပါက အရေးယူခြင်းခံရမည်၊ အထက်ဖော်ပြပါ တားမြစ်ချက်များအား လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက စီမံခန့်ခွဲရေး နည်းလမ်းအရလည်းကောင်း၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ လည်းကောင်း၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရလည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Local Semi - lockdown အား နိုဝင်ဘာ ၁၅ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။

 

ထွန်းလင်း(ပင်လောင်း)

မြို့နယ်(ပြန်/ဆက်)