မင်းဘူး နိုဝင်ဘာ ၁၅

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူအား Sinovac အမျိုးအစား ကိုဗစ် ကာကွယ်ဆေးများကို Phase-3 ဒုတိယအကြိမ်အဖြစ် ယနေ့နံက်ပိုင်းက ဆေးထိုးစုရပ် (၉)နေရာ၌ တစ်ပြိုင်နက်ထဲ စတင်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်ကိုဗစ် ကော်မတီဥက္ကဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များက လည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ ခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်ရှိ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများကို Phase-3 ဒုတိယအကြိမ်အဖြစ် မင်းဘူး(အ.ထ.က-၁)၊ စကု(အ.ထ.က)၊ ဆင်ခေါင်း၊ ရွာသာယာ၊ လေးပင်၊ ဆည်တော်၊ မုန်တောင်၊ ကျောက်စံ၊ ခန်ကုန်း စသည့် အခြေခံပညာ အထက်တန်းကျောင်းခွဲများရှိ ဆေးထိုးစုရပ်(၉)နေရာ၌ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်း (Volunteer)များပူးပေါင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း (၈၈)ကျောင်း၊ ဘကကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃)ကျောင်း၊ စုစုပေါင်း (၉၂)ကျောင်းမှ အလယ်တန်းနှင့် အထက်တန်း အဆင့်ရှိ အသက်(၁၂)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး Phase-3 ပထမအကြိမ်ထိုးနှံပြီးသူ ကျောင်းသားဦးရေပေါင်း (၅၉၀၀)ကျော်အား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မောင်မောင်(မင်းဘူး)