မြစ်ကြီးနား နိုဝင်ဘာ ၁၅

 

တက္ကသိုလ်/ ကောလိပ်/ အထက်တန်း/ အလယ်တန်း ကျောင်းသား/ကျောင်းသူများ ကို‌ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၁)အား နို၀င်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မြတ်သူစိုး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်‌ရောက်သည်။

 

ရှေးဦးစွာ ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ကျောင်းအပ်နှံသည့် အခြေခံပညာ ကျောင်းသား/ကျောင်းသူ ၅၆၈၃၇ ဦးရှိသည့်အနက် ၅၅ ဒသမ ၃၁ ရာခိုင်နှုန်းအား ကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်ကြောင်း၊ တက္ကသိုလ်/ ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်ရှိနေသေးသော ကျောင်းသား/ကျောင်းသူများအား စာရင်းဇယားကောက်ယူပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ယင်းနောက် ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များမှ  ဆွေးနွေးတင်ပြသည်။

 

ထို့နောက် ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးသည်။

 

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က IDP စခန်းများရှိ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်၊ ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် တက္ကသိုလ်/ ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ‌ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းအား ယခုထက်ပိုမို လျော့ကျအောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းက စီတာပူရပ်ကွက်အတွင်း ကို‌ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းသို့ အလှူရှင်များကိုယ်စား ငွေကျပ် သိန်း(၉ဝ)အား ပေးအပ်လှူဒါန်းရာ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ် (ပြန်/ဆက်)