နေပြည်တော်၊ နိုဝင်ဘာ  ၁၅

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ ညောင်လွန့်ပူးပေါင်းစစ်ဆေးရေးဂိတ်၊ အမှတ်(၅) လမ်းဆုံ ပူးပေါင်းစစ်ဆေးရေး ဂိတ်တို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားကာ နှာခေါင်းစည်း Mask များကို ပေးအပ်သည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံရာ တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်က ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ခံစားနေရသူများကို ကုသပေးနေမှုနှင့် ပြည်သူများအား ကုသမှုပေးနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျန်းမာရေးဝန်ထမ်းများအတွက် နှာခေါင်းစည်း Mask များကို ပေးအပ်သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဒေသခံပြည်သူများ လျှပ်စစ်မီတာခများ ပေးသွင်းနေမှုကို ကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြား၍ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး နှာခေါင်းစည်း Mask များကိုပေးအပ်၍ စာသင်ခန်းများအလိုက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မဟာသီဟနာဒစာသင်တိုက်သို့ သွားရောက်၍ မဟာသီဟနာဒ စာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏ မဟာထေရ်မြတ်ထံမှ ငါးပါးသီးလခံယူကြပြီး ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်ဥနှင့် နှာခေါင်းစည်း Mask များကို ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် ရေးစက်သွန်းချ အမျှပေးဝေကြသည်။

 

ယင်းနောက် တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမအတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားကာ နှာခေါင်းစည်း Mask များ ဝေငှပေးအပ်ကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကင်းသာပူးပေါင်းစစ်ဆေးရေး ဂိတ်သို့ ရောက်ရှိစစ်ဆေးပြီး နှာခေါင်းစည်း Mask များကို ပေးအပ်ကြသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း ၇၅၇ ကျောင်းတို့ကို Hand Gel ထောက်ပံ့ပေးအပ်ပွဲ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း ၇၅၇ ကျောင်းတို့ကို Hand Gel ထောက်ပံ့ပေးအပ်ရာ နေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးသိုက်က လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်