နေပြည်တော် နိုဝင်ဘာ ၁၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေး နှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ (၁၂) သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်ဒေသအသီးသီးရှိ လက်လီ/လက်ကား ရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် (၄၂၄၀) ဖြင့် နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွက် စားအုန်းဆီတန်ချိန် (၆၇၆၄ ဒသမ ၁၀) တန်၊ (၄၁၃၉၆၃၀) ပိဿာ ရောင်းချခဲ့ပြီးဖြစ်သည်။

ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် ဆီအသင်း၏ အစီအစဉ်ဖြင့်ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကား ဝယ်ယူရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင် အကျိုးအမြတ် (၂ ရာခိုင်နှုန်း) ထက် မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ အမှတ် (၁၀၄/၁၀၈) ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ယာဓမ္မာရုံရှေ့) အလုံမြို့နယ်၊ ဖုန်းအမှတ်၊ ၀၉၄၄၄၄၃၇၂၉၅၊ ၀၉၄၀၁၅၂၇၀၄၉ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန ၀၁၂၅၀၂၇၀၊ ၀၉၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်