ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုအကူညီ ပေးနေမှုအခြေအနေများ
တွေ့ဆုံဆွေးနွေး
စစ်တွေ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် The Nippon Foundation အဖွဲ့ဥက္ကဋ္ဌ၊ Mr. Yohei Sasa Kawa နှင့်အဖွဲ့တို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံ The Nippon Foundation မှ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူညီပေးနေမှု အခြေအနေများ၊ အခြေခံပညာကျောင်းများ ဆောက်လုပ်ပေးခဲ့မှု အခြေအနေများ၊ ဆေးပစ္စည်းထောက်ပံ့ ပေးခဲ့မှုများနှင့် ဂျပန်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လှူဒါန်းပေးမည့်အခြေအနေတို့ကို ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် စစ်တွေမြို့၊ မကျည်းမြိုက် ရပ်ကွက်ရှိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်းနှင့် မင်းဂံရပ်ကွက်ရှိ ဥဿလင်း ဘုန်းတော်ကြီး တိုက်ပွဲရှောင်စခန်းများသို့ ရောက်ရှိပြီး တိုက်ပွဲရှောင် စခန်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေနေ၊ နေထိုင်စားသောက်မှု အခြေအနေ နှင့် နေရပ်ပြန်နိုင်ရေး အခြေအနေများကိုလည်းကောင်း၊ စစ်တွေမြို့ သက္ကယ်ပြင် IDPS စခန်းရှိ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအခြေနေ၊ နေထိုင်စားသောက်မှု အခြေအနေနှင့် ခရီး သွားလာခွင့်ရရှိရေး အခြေအနေတို့ကိုလည်းကောင်း တွေ့ဆုံမေးမြန်းကာ စခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် The Nippon Foundation အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် လည်းကောင်း၊ ရခိုင်အမျိုးသားပါတီ (ANP)မှ တာဝန်ရှိသူများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး The Nippon Foundation အဖွဲ့ဥက္ကဋ္ဌသည် ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ရခိုင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
သတင်းစဉ်


