နေပြည်တော်၊ နိုဝင်ဘာ ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် နိုဝင်ဘာ ၁၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ဆီအုန်းသုတေသန ခြံတာဝန်ခံများ၊ သုတေသန ပညာရှင်များနှင့် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ (မလိဝမ်း) သင်တန်းခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆီအုန်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကပိုင်း၏ လိုအပ်ချက်များ ပံ့ပိုးကူညီမှုပေးရေး လုပ်ငန်းများတွင် ဆီအုန်းသုတေသနလုပ်ငန်းသည် အရေးပါသော အခန်းကဏ္ဍက ပါဝင်နေသည့်အတွက် အဆိုပါသုတေသနလုပ်ငန်းများ ပိုမိုအားကောင်းလာရန်လိုကြောင်း၊ အရည်အသွေးကောင်း ဆီအုန်းမျိုးများ ထုတ်လုပ်ပေးခြင်း ဆောင်ရွက်သကဲ့သို့ မျိုးယှဉ်ပြိုင် စမ်းသပ်ခြင်းနှင့် မြေဩဇာမှန်ကန်စွာ ထည့်သွင်းခြင်းများကို ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ သုတေသန ပညာရှင်များအနေဖြင့် မိမိလုပ်ငန်းအပေါ် အာရုံစူးစိုက် ဆောင်ရွက်နေကြသည့်နည်းတူ နိုင်ငံတကာ၏ သုတေသနတွေ့ရှိချက်များကိုလည်း မျက်ခြည်မပြတ် လေ့လာကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဟတ်စဒင်း၊ မလိဝမ်း၊ အော်ကြီး၊ ရေတံခွန် သုတေသနခြံ တာဝန်ခံများက ဆောင်ရွက်ဆဲ သုတေသနလုပ်ငန်းများနှင့် လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူးက တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင် ဆီအုန်းခြံများတွင် ကိုကိုးနှင့် ကော်ဖီသုတေသန တည်ထောင်စိုက်ပျိုးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း တင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးအား ဆီအုန်းအခြေခံသည့် မြန်မာ့ဆီအိုးကြီး တစ်အိုးဖြစ်စေရေး အကောင်အထည်ဖော်လျက် ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးကောင်း ဆီသီးခိုင်များ အထွက်နှုန်းတိုးတက် ထုတ်လုပ်နိုင်စေရန်အတွက် ဒေသနှင့်ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်သည့် အထွက်ကောင်းမျိုးများနှင့် နည်းပညာများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် တာဝန်ရှိသူများအပိုင်းက ကြိုးပမ်းပေးကြစေလိုကြောင်း၊ ကြားသီးနှံများ၊ သီးနှံရောနှော စိုက်ကွက်များ၊ အပူပိုင်းဒေသသီးနှံများ၊ ဥယျာဉ်ခြံသီးနှံများ စံပြစိုက်ပျိုးပြသ၍ နည်းပညာဖြန့်ဖြူးရန် လိုအပ်သောအစီအမံများ စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆီအုန်းသုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆီအုန်းမျိုးသန့်မျိုးပွား ပျိုးခင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


