မြိတ်   နိုဝင်ဘာ   ၁၆

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ပြည်သူလူထုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံတော် အစီအစဉ်ဖြင့် ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလကုန်တွင် မြို့နေလူဦးရေ၏ (၅၀) ရာခိုင်နှုန်းအား အသက်(၁၈)နှစ်ပြည့်ပြီးသူ မည်သူမဆို အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

“ဒီဇင်ဘာလကုန်မှာ မြို့နယ်မှာရှိတဲ့ လူဦးရေရဲ့ (၅၀)ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီးဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဆောင်ရွက်နေပါတယ်။ ဒီဇင်ဘာကုန်မှာ ဆေးနှစ်ကြိမ်ထိုးပြီးဖြစ်ရမှာဖြစ်လို့ နိုဝင်ဘာလမှာ တစ်ကြိမ်ထိုးနှံပြီး ဒီဇင်ဘာလမှာ နောက်တစ်ကြိမ်ထိုးနှံရမှာ ဖြစ်ပါတယ်။ လူမျိုးဘာသာမရွေး အသက်(၁၈)နှစ် ပြည့်ပြီးသူတွေကို အခမဲ့ဆေးထိုးပေးနေတာဖြစ်တဲ့အတွက် မပျက်မကွက် လာရောက်ထိုးနှံကြဖို့ တိုက်တွန်းပြော ကြားလိုပါတယ်”ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမင်း က ပြောသည်။

 

ကိုဗစ်ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် သူများအနေဖြင့် ဒီဇင်ဘာလကုန်တွင် ဆေးနှစ်ကြိမ်ထိုးနှံပြီး ဖြစ်ရန်အတွက် အသက်(၁၈)နှစ်ပြည့်ပြီးသူ မည်သူမဆို မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးများတွင် သွားရောက်စာရင်းပေးကြ၍ ကာကွယ်ဆေးထိုးကြရန် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှ အသိပေးနှိုးဆော် တိုက်တွန်းလျက်ရှိသည်။

 

မြိတ်မြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်အထက်မှ ဦးစားပေးအစီအစဉ်အလိုက် စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ လက်ရှိအချိန်တွင် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူဦးရေမှာ (၄၄၅၄၇)ဦးရှိပြီး ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူမှာ(၃၄၇၈၁)ဦးရှိပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံရမည့်သူများ ထိုးနှံရမည့်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ်သတင်းပို့၍ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံနိုင်ကြောင်း၊ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများကို ရပ်ကွက်/ကျေးရွာများအထိ ဆေးထိုးအဖွဲ့များမှ ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )