အထက်မင်းလှ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်များစာရင်းအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးခဲ့သည့် အမျိုးသမီးငယ်များအား ဒုတိယအကြိမ်ထိုးနှံပေးရန်နှင့် ၂၀၂၁ ခုနှစ်တွင် အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သေးသည့် အမျိုးသမီးငယ်များအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်သည်။
မင်းလှမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမည့် အမျိုးသမီးငယ် ၉၈၆ ဦး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရန် အမျိုးသမီးငယ် ၈၅၁ ဦးရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းအခြေပြုထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ထိုးနှံပေးမည်ဖြစ်ပြီး ပြည်သူလူထုအခြေပြု ထိုးနှံပေးခြင်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် ထိုးနှံပေးရန် စီစဉ်လျာထားကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)


