မန္တလေး နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများက အလုပ်ခွင်ထိခိုက်ဒဏ်ရာရ သေဆုံးသွားသည့် အာမခံအလုပ်သမားအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ် ၅,၀၄၁,၅၀၀ (သိန်း ငါးဆယ် လေးသောင်း တစ်ထောင့် ငါးရာ တိတိကျပ်)ကို ၎င်း၏ခင်ပွန်းဖြစ်သူထံ ပေးအပ်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး လူမှုဖူလုံရေးရုံးမှ သိရသည်။
သေဆုံးသူ ဒေါ်သန္တာခိုင်မှာ Denko(ရွှေကျင်)ဆီဆိုင်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ အောင်မြေသာစံမြို့နယ် လူမှုဖူလုံရေးရုံး၊ ရုံးခွဲ(၁)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် အလုပ်ခွင်ထိခိုက်ဒဏ်ရာရသေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ငွေလုံးငွေရင်း ကျပ် ၅,၀၄၁,၅၀၀ ကို ခွင့်ပြုထုတ်ပေး ခြင်းဖြစ်ရာ စက်တင်ဘာ ၁၃ ရက်တွင် နာရေးစရိတ်ငွေကျပ် ၅၄၁,၅၀၀ တိတိကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာ၌ မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှတာဝန်ခံ ဒေါ်လွင်လွင်မြင့် က အကျိုးခံစားခွင့် ထုတ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ငွေလုံးငွေရင်းကို သေဆုံးသွားသူ၏ခင်ပွန်းအား တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှတာဝန်ခံက ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်(ပြန်/ဆက်)


