ပခုက္ကူ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေမီးသတ်စခန်း (RC)နှစ်ထပ်အ ဆောက်အဦ တည်ဆောက်မှု လုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇွန် ၂၅ ရက်နေ့မှစတင်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ ကမ္မနယ်မြေမီးသတ်စခန်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ အသုံးစရိတ် ခွင့်ပြုငွေကျပ် ၁၅၁ သန်းဖြင့် အလျား ၄၅ ပေ၊ အနံ ၅၀ ပေ၊ အမြင့် ၂၆ ပေရှိသည့် (RC)နှစ်ထပ်အဆောက်အဦ အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။
အလားတူ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ အသုံးစရိတ်ခွင့်ပြု ငွေကျပ်သန်း ၁၅၁ ဒသမ ၂ သန်းကျော်ဖြင့် အလျား ၄၅ ပေ၊ အနံ ၅၀ ပေ၊ အမြင့် ၂၆ ပေရှိသည့် ကြက်ဆူကျင်းနယ်မြေမီးသတ်စခန်း (RC)နှစ်ထပ်အဆောက်အဦကို ၂၀၂၁ ခုနှစ် ဇွန် ၂၃ ရက်နေ့မှ စတင်တည်ဆောက်ကြရာ အောက်တိုဘာ ၂၇ ရက်တွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။
အဆိုပါမီးသတ်စခန်းများ သတ်မှတ်စံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီစွာတည်ဆောက်ပြီးစီးမှု ရှိ/မရှိ ကို ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်နှင့် သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးမှူးများ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


