ကြို့ပင်ကောက်၊ နိုဝင်ဘာ ၁၇

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများ၏ စီမံချက် ရေးဆွဲနည်းနှင့် (AVIP) ငွေစာရင်းကိုင်တွယ် ထိန်းသိမ်းနည်းသင်တန်းကို အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၆ ရက်က ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

 

ပထမဦးစွာ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ မူဝါဒနှင့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် စီမံကိန်း တာဝန်ခံဝန်ထမ်းများက ကဏ္ဍတစ်ခုချင်းစီအလိုက် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

ကြို့ပင်ကောက်မြို့နယ်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာ ပံ့ပိုးကူညီမှုများဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကို ကျေးရွာ လေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာနေ ပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ကိုညို(ကျေးလက်)