အိမ်မဲ နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီက ကညင်ကုန်းကြီးကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက ကညင်ကုန်ကြီးကျေးရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကိုးကတ်၊ အသက် ၁၈ နှစ်ပြည့် ၁၀၄ ကတ်၊ လဲလှယ် ၁၃ ကတ်၊ မိတ္ထူ ၂၂ ကတ် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် ၁၄၈ ကတ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၉၇ အုပ်စု၊ ကျေးရွာခွဲပေါင်း ၅၀၅ ရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ဌာနအနေနဲ့ ပန်းခင်းစီမံချက်နဲ့အညီ နိုင်ငံသားတစ်ဦးရဲ့ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနဲ့ လူမှုစီးပွားဘဝ ပြည်စုံမှုရှိစေရေးတို့အတွက် သတ်မှတ်ချက်နဲ့အညီ ကိုက်ညီသူများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးရုံးမှာ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသလို ကျေးရွာအုပ်စုများမှာလည်း အဖွဲ့နှစ်ဖွဲ့ခွဲပြီး ကွင်းဆင်းဆောင်ရွက်လျက် ရှိပါတယ်" ဟု မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လ.ဝ.က ဦးစီးမှူး ဦးအောင်နိုင်ဦး ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


